တွံတေး ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ လတ်တလောတွင် အိုမီခရွန်ရောဂါ အတည်ပြုလူနာများ ပြန်လည်တွေ့ရှိလာသဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈နာရီခွဲကမြို့ပေါ်ရပ်ကွက်များတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဒေသခံပြည်သူများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်နာရန် အသိပေးကြေညာခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် အဖွဲ့ဝင်များမှ ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အတွင်း လူစည်ကားရာနေရာများ ဖြစ်သည့်စျေးရှေ့၊ လမ်းဆုံလမ်းခွများကားဂိတ်များ၊ စာသင်ကျောင်းရှေ့တို့တွင် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ဆောင်ရန်/ ရှောင်ရန် အချက်များအား ပြည်သူများ သိရှိလိုက်နာစေရန် လှည့်လည်အသိပေးကြေငြာခြင်းအပြင်၊ မဖြစ်မနေ ပါးစပ်နှင့် နှာခေါင်းစည်း Mask တပ်ဆင်ရေးအတွက် Mask များ ပြည်သူတို့၏ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တွံတေးသား