ကျောက်ဖြူ ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသူများအား ယနေ့ နံနက် ၉ နာရီက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမတွင် ကျန်းမာရေး ဌာနမှ ဝန်ထမ်းများက အဆိုပါကာကွယ်ဆေးအား ပထမအကြိမ် ထိုးနှံပေးလျက် ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံရာတွင် မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ် ဆေးထိုးနှံရန် လာရောက်ကြသည့် အသက် ၁၈ နှစ်အထက်ရှိသူမျာ၊ရဟန်းသံဃာတော်များ၊ ဘိုး/ဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများကို သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများသာ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။
ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သတ်မှတ်စုရပ်နေရာအသီးသီး၌ ထိုးနှံပေးလျက်ရှိပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ ကာကွယ်ဆေး နှစ်ကြိမ် လာရောက်ထိုးနှံပြီးသူ ၆၆၂၃၈ ဦးထိရှိပြီဖြစ်ကာ ကျန်ရှိနေသူများကိုလည်း ဦးစားပေးအုပ်စုအလိုက် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း( ပြန်/ဆက်)