ကမ္ဘာ့သာသနာပြု အဓိဌာန်ဆရာတော် လောကဦးသျှောင်ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ပန္နက်တော်တင် အုတ်မြစ်ချမင်္ဂလာ အခမ်းအနားသို့ ကြွရောက်ချီးမြှင့်

မာန်အောင် ဖေဖေါ်ဝါရီ ၂၂

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၊ အနောက်စုရပ်ကွက်၊ မြို့ဦးတွင် ကမ္ဘာ့သနာပြု မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော် ဘဒ္ဒန္တကုလရက္ခိတ ဦးဆောင်ကြီးမှူး၍ ပြည်တွင်း၊ ပြည်ပအလှူရှင်များနှင် ပူးပေါင်းကာ တည်ထားကိုးကွယ်မည့် ဉာဏ်တော်(၁၀၈)ပေအမြင့်ရှိ လောကဦးသျှောင် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် ပန္နက်တော်တင် အုတ်မြစ်ချမင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက်၉နာရီက ကျင်းပရာ အခမ်းအနားသို့ အဓိဌာန် ဆရာတော် ကြွရောက်ချီးမြှင့်ခဲ့သည်။ ရှေ့ဦးစွာ အခမ်းအနားကို ကြွရောက်လာသော သံဃာတော်များနှင့်ပရိတ်သတ်များက``နမောတဿ´´ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ကြပြီး မာန်အောင်မြို့၊ မဟာဓမ္မိကာရုံ ကျောင်းဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ထို့နောက် မဟာဇေယျသိဒ္ဓိအဓိဌာန်ဆရာတော်က ကြွရောက်လာသည့် သံဃာတော်များထံမှ သြဝါဒခံယူပြီး သံဃာတော်များကိုယ်စား မာန်အောင်မြို့၊ မြို့မကျောင်းကြီးဆရာတော် ဘဒ္ဒန္တဣဿရိယကသြဝါဒကထာချီးမြှင့်ကာ အလှူရှင်များက သံဃာတော်များအား လှူဖွယ်ဝတ္ထု များ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ရခိုင်တေးသံရှင်များနှင့် မာန်အောင်မြို့နယ် ယဉ်ကျေးမှုအဖွဲ့က ဓမ္မပူဇာသီချင်း၊ အကများဖြင့် ပူဇော်ခဲ့ကြသည်။ ၎င်းနောက် ပန္နက် တော်တင် အုတ်မြစ်ချမင်္ဂလာကို နံနက်၁၀နာရီတွင် ဆက်လက်ကျင်းပ ရာ မဟာဇေယျသိဒ္ဓိအဓိဌာန် ဆရာတော်နှင့် ပင့်သံဃာ(၁၈)ပါးတို့က ရတနာရွှေအုတ်၊ ငွေအုတ်များဖြင့် ပန္နက်တင် အုတ်မြစ်ချကြပြီး အောက်ဌာပနာတွင် အလှူရှင်များက ဘုရားဆင်းတုတော်နှင့် ရတနာရွှေငွေ များကို ထည့်သွင်းပူဇော်ကြသည်။ ယင်းနောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘုရားဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ က ရတနာရွှေအုတ်၊ ငွေအုတ်များဖြင့် အုတ်မြစ်ချ ပူဇော်ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကာအခမ်းအနားပြီးဆုံးခဲ့သည်။

 အဆိုပါ လောကဦးသျှောင်ထိုင်တော်မူ ရုပ်ပွားတော်မြတ်ကို အဓိဌာန်ဆရာတော်ဦးဆောင်ပြီး အလှူရှင်များက ငွေကျပ်သိန်း ၁၅၀၀၀ခန့် ကုန်ကျခံကာ တည်ထားကိုးကွယ်သွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)