တာချီလိတ် ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်(၅)မြို့နယ်၏ မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်များ အဋ္ဌမအကြိမ်မြောက် အနားယူအစားထိုး ပြန်လည်ရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့က တာချီလိတ်မြို့၊ ဆန်ဆိုင်း(က) ရပ်ကွက်ရှိ နဂါးနှစ်ကောင် ဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်နှင့်မိုင်းတုံမြို့နယ်များမှ သံဃာ့ဝန်ဆောင် ဆရာ တော် (၂၈)ပါး တက်ရောက်ခဲ့ပြီး ရှေးဦးစွာ သဘာပတိဆရာတော်မှ အစည်းအဝေးဖွင့် ဩဝါဒကထာမြွက်ကြားပြီး တာချီလိတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်မှ သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက် ထားတင်ပြ၍ အခမ်းအနားမှူးမှ ဆရာတော်များ အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ အနားယူသော ဆရာတော်များ၏ ဘွဲ့အမည်စာရင်းအား ကြေငြာသည်။
ဆက်လက်ပြီး ပြန်လည်ရွေးချယ်နိုင်ရန်အတွက် မူလသတ်မှတ်ထားသည့် သက်ဆိုင်ရာနယ်မြေအလိုက် မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်များက အမည်စာရင်း အဆိုရှင်တင်သွင်းခြင်းနှင့် ထောက်ခံခြင်းတို့ ဆောင်ရွက်ပြီး သဘာပတိဆရာတော်က အစားထိုးရွေးချယ်ခံရသည့် မြို့နယ်သံဃာ့နာယက ဆရာတော်ဘွဲ့အမည်စာရင်းကို မြို့နယ် သံဃာ့ဝန်ဆောင်အစည်းအဝေးသို့ တင်သွင်းပြီး သာဓုသုံးကြိမ်ခေါ်ဆို အတည်ပြုပေးခဲ့သည်။
ထို့နောက် သဘာပတိ ဆရာတော်က နိဂုံးချုပ် သြဝါဒကထာမြွက်ကြားပြီး " ဗုဒ္ဓသာသနံ စိရံတိဌတု " သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အစားထိုးရွေးချယ်ခံရသည့် မြို့နယ်သံဃာ့နာယက ဆရာတော်များမှာ တာချီလိတ်မြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ နဂါးနှစ်ကောင်ကျောင်းမှ ဘဒ္ဒန္တဓမ္မသီရိနှင့် အကျိုးတော်ဆောင် နဂါးနှစ်ကောင် ကျောင်းမှ ဘဒ္ဒန္တသုဓမ္မ၊ မိုင်းဖြတ်မြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဝမ်ဟွေကျောင်းတိုက်မှ ဘဒ္ဒန္တပညာဝဏ္ဏနှင့် အကျိုးတော်ဆောင် အဈေးတန်း ကျောင်းတိုက်မှ ဘဒ္ဒန္တကဝိဝံသ၊ မိုင်းယောင်းမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဟိုခုံကျောင်းမှ ဘဒ္ဒန္တဂန္ဓာရသဝံသောနှင့် အကျိုးတော်ဆောင် ဝမ်ဖြိုကျောင်းမှ ဘဒ္ဒန္တတိဿဝရော မိုင်းဆတ်မြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ အကောင်းမှုလျှံကျောင်းမှ ဘဒ္ဒန္တ ဉာဏဘာသနှင့် အကျိုးတော်ဆောင် ကံကော်မြိုင်ကျောင်းမှ ဘဒ္ဒန္တနန္ဒိသေန၊ မိုင်းတုံမြို့နယ် သံဃာ့ နာယကဥက္ကဋ္ဌ မြို့မမွေတော်ကျောင်းတိုက်မှ ဘဒ္ဒန္တကေတုမာလာနှင့် အကျိုးတော်ဆောင် နောင်ပါ ရင်ကျောင်းတိုက်မှ ဒေါက်တာဘဒ္ဒန္တပညာနန္ဒအား အသီးသီးရွေးချယ်ဆက်ကပ်ခဲ့ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)