သီပေါမြို့နယ် တုံစင့်ကျေးရွာတွင် တစ်ပိုင်တစ်နိုင် သီးပင်စားပင်များ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်း၍ နေ့စဉ် မိသားစုပုံမှန်ဝင်ငွေရရှိ

သီပေါ ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် သီးနှံမျိုးစုံ စိုက် ပျိုးလျက်ရှိရာ တုံစင့်ကျေးရွာတွင် တစ်ပိုင်တစ်နိုင်သီးပင်စားပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချရသောကြောင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် တုံစင့်ကျေးရွာရှိ ရွှေတံခါးမိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးခြံတွင် မေမြို့ပန်း၊ ဂန္ဓမာပန်း၊ နှင်းဆီ၊ အာဆီယံသပြေ၊ ငရုပ်၊ ကြက်သွန်၊ ခရမ်းသီး၊ ဂေါ်ဖီထုပ်၊ မုန်ညှင်း၊ ကိုက်လန်၊ ဂေါ်ရခါး၊ သံပုရာ၊ နံနံပင်၊ငှက်ပျောသီး၊ သင်္ဘောသီးစသည့် သီးပင်စားပင်များကို စိုက်ပျိုးထားလျက်ရှိကြောင်း၊ အဆိုပါစိုက်ပျိုးရေးခြံမှ ထွက်ရှိသော သီးနှံများအားရောင်းချခြင်းဖြင့် နေ့စဉ်ပုံမှန် ဝင်ငွေ၊ ငွေကျပ် (၁၅၀၀၀/-) ခန့်ရရှိလျက်ရှိကြောင်းနှင့် မိသားစုစားဝတ်နေရေး အဆင်ပြေ လျက်ရှိကြောင်း ခြံစိုက်ပျိုးရေးလုပ်ကိုင်သူ အငြိမ်းစားဝန်ထမ်း ပင်စင်စားတစ်ဦးဖြစ်သူ ဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။

အဆိုပါ စိုက်ပျိုးရေးခြံရှိ သီးပင်စားပင်များအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးရေးနည်းစနစ်များအတိုင်း စိုက်ပျိုးထားခြင်းဖြစ်ကြောင်းနှင့် နှစ်ရှည်ပင်များကိုလည်း စိုက်ပျိုးထားကြောင်း သိရသည်။

ခင်လေး(သီပေါ ပြန်/ဆက်)