သီပေါမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

သီပေါ ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲနှင့် အမှတ်(၆) အခြေခံပညာ အလယ်တန်းကျောင်းခွဲသို့ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းသိင်္ဂီစိုးက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ရှင်လင်း ပြောကြားခဲ့ပြီး   စာဖတ်စွမ်းရည်မြင့်မားလာစေရန် ရည်ရွယ်၍ စာအုပ်၊ စာစောင်များကို အလှည့်ကျ ဖတ်ကြားစေခြင်း၊ ရုပ်ပုံပြ ပုံပြောခြင်းနှင့်စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သီပေါမြို့နယ်ရုံးမှ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို အခြေခံပညာ ကျောင်းများသို့ လစဉ်သွားရောက် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ပေါ်ပေါက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း  သိရသည်။

 ခင်လေး(သီပေါ၊ပြန်/ဆက်)