နောင်ချိုမြို့နယ် သုံးဆယ်ကျေးလက်ဈေးတွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက်

နောင်ချို ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သုံးဆယ်ကျေးလက်စျေးတွင် ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည် ။

အဆိုပါ Mask Campaign ကို သုံးဆယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေး၊ မီးသတ်တပ်ဖွဲ့များ၊ မေတ္တာမွန်အသင်း၊ ဈေးကော်မတီ စသည့်     တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ခရီးသွားပြည်သူများအား၊ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ရန်၊ လူစုလူဝေးကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန်၊ လက်ကိုစနစ်တကျ ဆေးကြောရန် စသည့် ကိုဗစ်-၁၉ ရောဂါဗီဇမျိုးပြောင်းအိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

နောင်ချိုမြို့နယ်အနေဖြင့် ယခုလတ်တလောကလတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသူများ ပြန်လည်တွေ့ရှိနေရသောကြောင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ရပ်ကွက်၊ ကျေးရွာများ၌ပါအရှိန်အဟုန်မြှင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)