ပင်းတယ ဖေဖော်ဝါရီ ၂၂
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် သစ်တော ဦးစီးဌာန အနေဖြင့် ရေတို/ရေရှည် စီမံကိန်းများ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ပျိုးပင်ပေါင်း (၃၀၀၀၀) ကျော်အား ပြုစုပျိုးထောင်ထားကြောင်း သိရသည်။
ပင်းတယမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သဘာဝတောများ ပြုစုထိန်းသိမ်းခြင်း၊ သစ်နှင့် သစ်တောထွက်ပစ္စည်းများ စနစ်တကျ ထုတ်လုပ်ခြင်း၊ သစ်တောစိုက်ခင်းများတည် ထောင်ခြင်းများနှင့် ရာသီဥတုဆိုးရွားမှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများအား ကာကွယ်ရန် အရိပ်ရလေကာပင်များ၊ ဒေသနှင့် ကိုက်ညီသော ပျိုးပင်ပေါင်း (၃၀၀၀၀) ကျော်အား မြို့နယ်သစ်တောဦးစီးဌာန ပျိုးဥယျာဉ် တွင်ပြုစုပျိုးထောင်ထားပြီး၊ လာမည့် မိုးရာသီ ပထမပတ် မြေအစိုဓာတ်ရရှိသည်နှင့် တစ်ပြိုင်နက် မေလဆန်းပိုင်းမှ စ၍ ဇူလိုင်လ၊ လဆန်းပိုင်းအထိ ပျိုးပင်များအား ပင်းတယမြို့နယ် အတွင်းရှိ ကျေးလက်ဒေသများသို့ အခဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပျိုးပင်များတွင် ကျွန်း၊ ထင်းရှုး၊ ရေသင်းဝင်၊ ထောပတ်၊ မက္ကဒေးနီးယား၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ခါတော်မီ၊ မျောက်ငို၊ မယ်ဇလီနှင့် အခြားအရိပ်ရ ပျိုးပင်များ ပါဝင်ကြောင်း သိရသည်။
ပြည်သူများအနေနှင့် မိမိတို့ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် ရာသီဥတုဆိုးရွားမှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမှ ကာကွယ်နိုင်ရန် သစ်ပင်များအားစနစ်တကျ ပြုစုပျိုးထောင်စိုက်ပျိုးတက်စေရန်နှင့် သစ်တောသစ်ပင်များ ချစ်ခင်တက်စေရန် ရည်ရွယ်၍ ပျိုးပင်များ ပြုစုပျိုးထောင်ထားခြင်းဖြစ်ကြောင်း၊ သစ်တောဦးစီးဌာနမှ နည်းစနစ်ကောင်းများ ရယူပြီး၊ လာမည့်မိုးဦးကျကာလတွင် ပျိုးပင်များအားအခမဲ့ ဖြန့်ဝေခြင်းများကိုလည်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပင်းတယမြို့နယ်သစ်တော ဦးစီးဌာနမှ သိရသည်။
အေးအေးလတ်