မိတ္ထီလာ ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ချည်မျှင်နှင့် အထည်စက်ရုံများအတွက် နည်းစနစ်ကျပြီး ကျွမ်းကျင်သော စက်မောင်းစက်ပြင်ပညာရှင်များ ပေါ်ထွန်းလာစေရေး စက်မောင်းစက်ပြင်သင်တန်းကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်းသိရသည်။
ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၊ မိတ္ထီလာမြို့တွင် လေ့ကျင့်သင်ကြားပေးလျက်ရှိသော စက်ရက်ကန်း၊ စက်မောင်း၊ စက်ပြင်ပညာဖြင့် နိုင်ငံတော်ပိုင်၊ ပုဂ္ဂလိကပိုင် ချည်မျှင်နှင့် အထည်စက်ရုံများအတွက် နည်းစနစ်ကျပြီး ကျွမ်းကျင်သော စက်မောင်းစက်ပြင် ပညာရှင်များ မွေးထုတ်ပေးရန်၊ နည်းစနစ်ကျမှန်ကန်သော ရက်ကန်းအတက်ပညာရှင်များ တိုးပွားလာစေ၍ အရည်အသွေးပြည့်မီပြီး စျေးကွက် ဝင်သော အထည်အလိပ်များ တိုးမြှင့်ထုတ်လုပ်စေရန်၊ မိမိကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်လိုသူများ တိုးပွားလာစေပြီး ဆင်းရဲနွမ်းပါးမှု လျှော့ကျလာစေရေန်နှင့် အသက်မွေးဝမ်းကျောင်း ပညာတက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ကျောင်းပညာများ ဆက်လက်သင်ယူခြင်းမရှိသည့် လူငယ်လူရွယ်များအား စက်ပြင်စက်မောင်း သင်တန်းကို အခမဲ့ ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်သည်။
အဆိုပါသင်တန်းကို သင်တန်းသားသင်တန်းသူ ၁၀ ဦး တက်ရောက်ပြီး သင်တန်းတွင် စက်ပစ္စည်း အခေါ်အဝေါ် ဝေါဟာရများ၊ Timing and Adjustment ၊ရက်ခက်ခြင်း၊ အခြေခံဒီဇိုင်းတို့ကို ဖေဖော်ဝါရီ လ ၁ ရက်နေ့မှ ဧပြီလ ၁ ရက်နေ့အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအချိန်အထိ စာတွေ့လက်တွေ့သင်ကြားပို့ချပေးလျက်ရှိကြောင်း ကျောင်းအုပ်ကြီး ဦးသာဝထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)