လှိုင်သာယာ(အနောက်ပိုင်း) ဖေဖော်ဝါရီ ၂၂
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် (omicron) ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ပြည်သူများအနေဖြင့် နေအိမ်မှပြင်ပသို့ ထွက်ခွာသွားလာသည့်အခါတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သည့် အမူအကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် စည်ပင်သာယာရေးကော်မတီ (စျေးများနှင့်ကုန်စည်ပွဲရုံများဌာန)၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများပါဝင်သော ပူး ပေါင်းအဖွဲ့သည် အမှတ်(၂၀)ရပ်ကွက်အတွင်းရှိ အနော်ရထာလမ်းနှင့်အထက(၈)ကျောင်းရှေ့တို့တွင် နှာခေါင်းစည်း(Mask)တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ အထက(၈)ကျောင်းရှေ့တို့တွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုဆောင်ရွက်ရာ၌ ကျောင်းသား/သူ မိဘပြည် သူများနှင့် လမ်းသွားလမ်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း (Mask)အခုရေ(၁၅၀၀) အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး အိမ်အပြင်ထွက် စျေးရောင်း/ စျေးဝယ် ပြုလုပ်ကြရာတွင် နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှ စျေးရောင်း/စျေးဝယ် ပြုလုပ်ကြရန်၊ နေအိမ်ပြင်ပမှ ပြန်လာသည့် အခါတိုင်းနှင့် အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်း လက်ကို လက်သန့်ဆေးရည်(သို့)လက်ဆေးဆပ်ပြာနှင့် မကြာခဏ စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေး ကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ စျေးရောင်း/စျေးဝယ်ပြုလုပ်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာစားသောက်ကြရန်လည်း အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
ရန်ကုန် မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဘက်စုံထောင့်စုံမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာသည့်အပြင် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများ ပိုမိုများပြားလာသည့်အတွက် ယခုလို မြို့နယ်အတွင်းရှိ စျေးများတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ဝေဝေ(ပြန်/ဆက်)