လှိုင်သာယာ(အနောက်ပိုင်း) ဖေဖော်ဝါရီ ၂၂
ရန်ကုန် မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် (omicron) ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ပြည်သူများအနေဖြင့် နေအိမ်မှ ပြင်ပသို့ ထွက်ခွာသွားလာသည့်အခါတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သည့် အမူအကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စည်ပင်သာယာရေးကော်မတီ (စျေးများနှင့် ကုန်စည်ပွဲရုံများဌာန) ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ်စည်ပင် သာယာရေး ကော်မတီမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အမှတ်(၁၁) ရပ်ကွက် အတွင်းရှိ အောင်မင်္ဂလာဈေးနှင့် စျေးလေးတို့တွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ အောင်မင်္ဂလာဈေးနှင့် စျေးလေးတို့တွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုဆောင်ရွက်ရာ၌ စျေးရောင်းချနေ သူများနှင့် စျေးလာရောက်ဝယ်ယူကြသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ ဖြစ်သည့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး စျေးရောင်း/စျေးဝယ် ပြုလုပ်ကြရာတွင် နှာခေါင်းစည်း (Mask)များ တပ်ဆင်ပြီးမှ စျေးရောင်း/စျေးဝယ် ပြုလုပ်ကြရန်၊ နေအိမ်ပြင်ပမှ ပြန်လာသည့် အခါတိုင်းနှင့် အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်း လက်ကို လက်သန့်ဆေးရည် (သို့)လက်ဆေးဆပ်ပြာနှင့် မကြာခဏ စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ စျေးရောင်း/စျေးဝယ် ပြုလုပ်ကြရန်နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာ စားသောက်ကြရန်လည်း အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
ရန်ကုန် မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အပါအဝင် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဘက်စုံထောင့်စုံမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာသည့်အပြင် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများ ပိုမိုများပြားလာသည့်အတွက် ယခုလို မြို့နယ်အတွင်းရှိ စျေးများတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
ဝေဝေ