ရွှေပြည်သာ ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် အခြေခံလူတန်းစား၊ လက်လုပ် လက်စား အိမ်ထောင်စုများအား ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)မှ ထောက်ပံ့၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) မှ ဖြန့်ဝေပေးသည့် ဆန်ရိက္ခာများ အခမဲ့ ဖြန့်ဝေ ပေးလျက်ရှိရာ ရပ်ကွက်၊ ကျေးရွာများရှိ အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်အိတ် (၂၅)ပြည်နှုန်းဖြင့် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆန်ဖြန့်ဝေပေးခြင်းကို အမှတ်(၁၀)ရပ်ကွက်ရှိ စုရပ်(၅)ခုတွင် ယနေ့နံနက်(၉)နာရီ အချိန်မှ မွန်းလွဲ(၁)နာရီအချိန်အထိ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် ဖြန့်ဝေပေးလျက်ရှိရာ စုရပ်တစ်ခုလျှင် ဆန်အိတ် (၆၁၅)အိတ်နှုန်းဖြင့် စုရပ်(၅)ခုအတွက် ဆန်အိတ် (၃၀၇၅) အိတ်ကို လက်လုပ်လက်စား ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန်ဝေပေးခဲ့ကြောင်းနှင့် ယမန်နေ့မှ ဖြန့်ဝေရန်ကျန်ရှိနေသော ဆန်အိတ်(၃၃)ကိုလည်း အိမ်ထောင်စု သန်းခေါင်စာရင်းဖြင့် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန်ပေးဝေမှုတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သော ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြပြီး ရပ်ကွက်၊ ကျေးရွာပေါင်း (၂၇)ခုရှိရာ ကျန်ရှိနေသော ရပ်ကွက်၊ ကျေးရွာများသို့လည်း အလှည့်ကျ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အေးမိုး(ပြန်/ဆက်)