ရန်ကုန် ဖေဖော်ဝါရီလ ၂၂
"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ကိုင်ဆောင်နိုင်သည့် ကတ်တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုဦးရေစာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ် (၂၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးမြင့်ဇော်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း(၂၇) ရပ်ကွက်သို့ ဒုတိယအကြိမ်အလှည့်ကျ ရပ်ကွက်တစ်ခုလျှင် (၃)ရက်ကြာ ကွင်းဆင်းဆောင်ရွက်ပေးရာ အမှတ်(၂၉)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ပြားနှင့် အိမ်ထောင်စုစာရင်းများအား အသစ်လဲလှယ် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက်/ကျေးရွာများ အရောက်ကွင်းဆင်း၍ မေလ ၃ ရက်နေ့မှ စတင်ကာ (၁၈) လကြာ ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ မိမိတို့မွေးဖွားရာဇာတိတွင် အမြဲနေထိုင်ကာ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများနှင့် ရွေ့ပြောင်းနေသူများ အနေဖြင့် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၃၈၂ စု နိုင်ငံသားစိစစ် ရေးကတ်ပြား ၉၂၈၇ ခု ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)