မင်းပြားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရန် နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်း(Mask Campaign)ပြုလုပ်ဆောင်ရွက်

မင်းပြား ဖေဖေါ်ဝါရီ  ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် ဗီဇပြောင်း အိုမီခရွန်ရောဂါပိုးကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးဆိုင်ရာ လုပ်ငန်းများအား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့်  ပါးစပ်၊ နှာခေါင်းစည်း (Mask Campaign) ပြုလုပ် ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။ 

အဆိုပါ အသိပညာပေးဆောင်ရွက်ရာသို့ မင်းပြားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးနှင့် ဝန်ထမ်းများ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍  ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ပြန့်နှံ့မှု ရက်ပိုင်းအတွင်း ပိုမိုများပြားလာကြောင်း တွေ့ရှိရသဖြင့် မျိုးကွဲသစ်အိုမီခရွန်ကို ဆက်လက်ကာကွယ် တားဆီးနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု နှုန်းလျှော့နည်းခြင်းများ ရရှိပြီးဖြစ်၍ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ  နေထိုင်ကြရန် နှင့်ကာကွယ်ဆေးများကိုလည်း တစ်နိုင်ငံလုံး အတိုင်း အတာ ဖြင့်ကာကွယ်ဆေး အပြည့်အဝ ရရှိစေရန် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ မိဘပြည်သူများ အနေဖြင့်လည်း မပျက်မကွက် သတ်မှတ်နေရာများတွင် ထိုးနှံပေးကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် ပူးပေါင်းအဖွဲ့တို့သည် မြို့ရောနယ်ပါဓမ္မာရုံနှင့်မင်းပြား၊ မြို့မဈေးအတွင်းသို့ ဝင်ရောက်ပြီး အထည်ဆိုင်များနှင့်သားငါး၊ဟင်းသီးဟင်းရွက်၊ ဈေးသည်များနှင့် ဈေးဝယ်ရန် ရောက်ရှိလာသူများကို ပါးစပ် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီးမှ ဈေးရောင်းဈေးဝယ် ပြုလုပ်ကြရန် မှာကြားခဲ့ကာ ပါးစပ် နှာခေါင်းစည်း(Mask)များနှင့် ကိုဗစ်-၁၉   ရောဂါ မျိုးကွဲသစ် အိုမီခရွန် ရောဂါပိုးကူးစက် ပြန့်ပွားမှုမရှိစေရန် အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သိန်းနုအောင်