လွိုင်လင် ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း ယနေ့နံနက် ၁၀နာရီ အချိန်ခန့်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်ကာ Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အိုမီခရွန် မျိုးကွဲသစ်သည် မူလကို ဗစ်-၁၉ ရောဂါနှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိကာကွယ်ဆေးများ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်း တို့ကြောင့် ပြည်သူလူထုအနေဖြင့် ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့် အခြားသူများ ထံသွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀) ကြာဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်စသည့် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို (ရှမ်း၊ပအိုဝ့်၊မြန်မာ)ဘာသာစကားများဖြင့်လှည့်လည် အသိပညာပေးနှိုးဆော်ခဲ့သည်။
အဆိုပါ အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အယ်မင်း(လွိုင်လင်)