ရသေ့​တောင်မြို့၌ အသက်မွေးဝမ်းကျောင်း ထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ရေး သင်တန်း ဆင်းပွဲကျင်းပ

ရသေ့တောင် ဖေဖော်ဝါရီ ၂၁

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင်ရေး သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက ရသေ့တောင်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန သင်တန်းခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးပုချေက သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ရရှိစေပြီး အသက်မွေးဝမ်းကျောင်းအတွက် အထောက်အကူဖြစ်စေရေး ယခုလိုသင်တန်းများအား ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းသားများ မှလည်း  သင်တန်းမှရရှိခဲ့သည့် အတွေ့အကြုံများကို အသက်မွေးဝမ်းကျောင်းအဖြစ် လက်တွေ့အသုံးချဆောင်ရွက်ကြရန်လိုကြောင်း ပြောကြား သည်။

ယင်းနောက် သင်တန်းတွင် ဆုရရှိသည့် သင်တန်းသားများအား ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ကြပြီး သင်တန်းသား များ ကိုယ်စားသင်တန်းသား မောင်ဇော်ဌေးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

အဆိုပါ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ရေးသင်တန်းကို သင်တန်းသား(၂၀)ဦးဖြင့် ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၂၀ ရက်နေ့ထိ သုံးပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အောင်စံထွန်း(ပြန်/ဆက်)