ကျေးသီး ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ( ၆ )လတာ ကာလ အတွင်း ပြည်ထောင်စု/ပြည်နယ်ခွင့် ပြု ရန်ပုံငွေများဖြင့် ကျေးရွာနှစ်ရွာ၌ ကျေးလက်ရေရရှိရေး လုပ်ငန်းအတွက် စိမ့်စမ်းရေသွယ်ယူခြင်းနှင့် ဆက်စပ်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးသီးမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအေးနိုင်၊ တာဝန်ခံ အင်ဂျင်နီယာ ဒေါ်သိင်္ဂီဝင်းနှင့် ဝန်ထမ်းများသည် ပြည်ထောင်စု/ ပြည်နယ်ခွင့်ပြု ရန်ပုံငွေကျပ် (၆၄ ဒဿမ ၂၀၆)သန်းဖြင့် တင်ဒါအောင်မြင်သော ဘုန်းမြတ်အောင် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ဝမ်လုံကျေးရွာတွင် စိမ့်စမ်းရေသွယ်ယူခြင်း (၁/၀)မိုင်နှင့် ဆက်စပ်လုပ်ငန်းများကိုလည်းကောင်း၊ ကုန်းဆာကျေးရွာတွင် စိမ့်စမ်းရေ သွယ်ယူခြင်း (၂/၀) မိုင်နှင့် ဆက်စပ်လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာကော်မတီများနှင့် တွေ့ဆုံကာ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ ကျေးရွာများတွင် စိမ့်စမ်းရေသွယ်ယူခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ကျေးရွာနှစ်ရွာရှိ အကျိုးပြုအိမ်ခြေ (၇၉) အိမ်၊ လူဦးရေ ( ၅၃၄ ) ဦးအတွက် သန့်ရှင်းသောသောက်ရေသုံးရေများ ဖူလုံစွာရရှိခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးနိုင်ထံမှ သိရသည်။
နန်းမွမ်းဆိုင်(ကျေးသီး)