ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၃၀) ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်

လားရှိုး     ဩဂုတ်    ၂၈

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့ ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေ ဟော်မြို့များရှိ  နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှ တစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်( ၂၈ )ရက်နေ့တွင် နေရပ်ပြန်ပြည်သူ အမျိုးသား  (၂၄)ဦး ၊ အမျိုးသမီး (၆)ဦး စုစုပေါင်း (၃၀)ဦးတို့အား လွှဲပြောင်း ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။ အဆိုပါ နေရပ်ပြန် ပြည်သူ(၃၀)ဦး တို့တွင် ကချင်ပြည်နယ်မှ(၂)ဦး၊ ကယားပြည်နယ်မှ(၁)ဦး ၊ စစ်ကိုင်းတိုင်းဒေသ ကြီးမှ (၁၀)ဦး ၊ ပဲခူးတိုင်းဒေသကြီးမှ (၂)ဦး ၊ မကွေးတိုင်းဒေသကြီးမှ (၇)ဦး၊  မန္တလေးတိုင်းဒေသကြီး မှ(၃)ဦး ၊ နေပြည်တော်မှ(၂)ဦး ၊ ရခိုင်ပြည်နယ်မှ(၁)ဦး ၊ ရန်ကုန်တိုင်းဒေသကြီးမှ (၁)ဦး ၊ ဧရာဝတီတိုင်း ဒေသကြီးမှ (၁)ဦး တို့ ဖြစ်သည် ။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြည်သူများအား စနစ်တကျစိစစ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထားခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ မေလ(၆)ရက်နေ့မှ  ဩဂုတ်လ(၂၈)ရက်နေ့အထိ နေရပ်ပြန် ပြည်သူအမျိုးသား  (၉၄၉၃)ဦး ၊ အမျိုးသမီး(၅၉၆၆)ဦး စုစုပေါင်း (၁၅၄၅၉) ဦးတို့ကို စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

နန်းသန္တာဦး

(ပြည်နယ်၊ ပြန်/ဆက်)