လွိုင်လင် ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ မိမိတို့မြို့နယ်အတွင်း မျိုးဗီဇပြောင်း အိုမီထရွန် (Omicron) ကူးစက်မှုမရှိစေရန်အတွက် ကြိုတင်ကာကွယ်ထိန်းချုပ်ရန် ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီက လူအများသွားလာနေသည့် မင်းလမ်းမကြီးတွင် ပြုလုပ်သည်။
ကိုဗစ်-၁၉ မျိုးဗီဇကွဲ မျိုးပြောင်း အိုမီခရွန်ရောဂါသည် အချို့သောမြို့နယ်များတွင် ကူးစက်မှုများဖြစ်ပေါ်နေကြောင်း၊ လွိုင်လင်မြို့နယ်အတွင်း၌ ကူးစက်မှုများ မရှိစေရန် ပြည်သူများက ပါးစပ်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်၍ နေအိမ်ပြင်ပသွားလာကြရန်၊ ရောဂါဖြစ်ပွားမှု သတင်းအချက်အလက် များကို စဉ်ဆက်မပြတ်လေ့လာကြပြီး အသိသတိရှိရန်ရည်ရွယ်၍ ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်းနှင့် မြို့မဈေးကြီးအတွင်း ဝင်ထွက်သွားလာ ပါက Mask စနစ်တကျတပ်ဆင်ပြီးမှ ရောင်းဝယ်မှုများပြုလုပ်ကြရန် အသိပေးနှိုးဆော်ထားကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ယနေ့ပြုလုပ်သည့် ပါးစပ်နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ မီးသတ်၊ ကြက်ခြေနီတပ်ဖွဲ့များ စုပေါင်းဆောင်ကြကြောင်း သိရသည်။
လွိုင်လင်မိုး