နမ့်ခမ်းမြို့၌ ကြံစိုက်ပျိုးသည့် တောင်သူများက ကြံဈေးကောင်းမရသဖြင့်  အခက်အခဲများရင်ဆိုင်နေရ

နမ့်ခမ်း  ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်မှ ကြံစိုက်ပျိုးသည့် တောင်သူများက ၂၀၂၂-ခုနှစ်အတွင်း ခုတ်ယူရောင်းချရသည့် ကြံများသည် ဈေးကောင်းမရသဖြင့် ဝင်ငွေလျော့နည်း၍ အခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်မှ ကြံတောင်သူများသည် လွန်ခဲ့သောနှစ်များတွင် ကြံများကို တရုတ်နိုင်ငံရှိ သကြားစက်ရုံသို့ တင်ပို့ရောင်းချခဲ့ရ၍ ဈေးကောင်းရရှိကာ ကြံတောင်သူများက ဝင်ငွေသွက်ခြေ ကိုက်စွာ စိုက်ပျိုးလုပ်ကိုင်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစ၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်သွားလာခွင့် တင်းကြပ်စွာ ကန့်သတ်ထားသဖြင့် ၂၀၂၀ ခုနှစ်မှ  ၂၀၂၂-ခုနှစ် (၂)နှစ်ကျော်ကာလအတွင်းမှ ခုတ်ယူရောင်းချရမည့် ကြံများသည် တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခြင်းမရှိပါ။ ယခုနှစ် ကြံခုတ်သိမ်းရာသီအချိန်အထိ နှစ်နိုင်ငံနယ်စပ်ဂိတ်များ ဖွင့်လှစ်နိုင်ခြင်းမရှိနိုင်သေးသဖြင့် ကြံတောင်သူများတစ်ချို့က ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့ရှိ သကြားစက်ရုံသို့ (၁)တန် လျှင် (၅)သောင်းကျပ်ဖြင့် တင်ပို့ရောင်းချနေရကာ လမ်းခရီး၌ အချိန်ကြာလာပြီး ကြံအလေးချိန် လျော့နည်းလာသည့်အပြင်  ကြံစိုက်ပျိုးစရိတ်နှင့် လုပ်အားခများကို မကာနိုင်ဘဲရောင်းချသည်။

တောင်သူများတစ်ချို့က ကြံသကာချက်လုပ်၍ ရောင်းချရာတွင် ကြံသကာ(၁)ပိဿာလျှင် (၂)ထောင်ကျပ်ခန့် ဈေးရရှိပြီး အရောင်းအဝယ်နည်းပါးလျက်ရှိပြီး ယမန်နှစ်နှင့် ယခုနှစ်အတွက် မြို့နယ်မှ ကြံတောင်သူများက (၂)နှစ်အတွင်း ဝင်ငွေနည်းပါးကာ အခက်အခဲများ ရင်ဆိုင်နေရပြီး ကြံတောင်သူများက လက်ဝယ်တွင်ငွေများပြန်ပေါ်လာစေရန် အရှုံးခံ၍ ရောင်းချနေရ ကြောင်းနှင့် ယခုနှစ်တွင် ကြံတောင်သူများမှ ကြုံတွေ့နေရသည့် အခက်အခဲများအ​ကြောင်းကို နမ့်တီးကျေးရွာအုပ်စု လွယ်ဆာရွာအနီးတွင် ကြံစိုက်ပျိုးလုပ်ကိုင်သူ ဦးလှမောင်ထံမှ သိရှိရသည်။ 

နမ့်ခမ်းမြို့နယ်မှ ကြံတောင်သူများသည် ယခု(၂)နှစ်အတွင်း စိုက်ပျိုးထားသည့် ကြံများ ဈေး ကောင်းဖြင့် မရောင်းချနိုင်၍ ကြံစိုက်ပျိုးထားခြင်းမှ ငွေများ လက်ဝယ်ပြန်ပေါ်လာစေရန်အတွက် ခက်ခက်ခဲခဲဖြင့် ကြိုးစားဆောင်ရွက်နေကြောင်း သိရှိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)