နတ်တလင်း ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်အရ မြို့နယ်အတွင်းရှိ ဈေးရောင်းချနေ သူများအား ယနေ့နံနက် ၈ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိကို စစ်ဆေး၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးဆိုင်များအား စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဈေးဆိုင်ရောင်းချသူများအား တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆိုင်ရာ ညွှန်ကြားချက်/ လမ်းညွှန်ချက် လိုက်နာရမည့် အချက်များအပေါ် ဈေးရောင်းသူများ လိုက်နာ၍ ရောင်းချနေမှု ရှိ/မရှိစစ်ဆေးခဲ့ကြပြီး ဈေးရောင်းချသူများအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း Mask နှင့် Face Shield တို့ကိုစနစ်တကျ ဝတ်ဆင်၍ရောင်းချရန်၊ ဈေးဝယ်ယူသူများကိုလည်း Mask ဝတ်ဆင်ပြီးမှ ဝယ်ယူ ကြစေရေး၊ ဆိုင်အရှေ့မှာ လက်သန့်ဆေးရည်/ဆပ်ပြာရည်နှင့် လက်ဆေးဘေစင် ထားရှိရေး စသဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို မပျက်မကွက် လိုက်နာကြပါရန် အသိပေးပညာပေး ပြောကြားခဲ့ကြောင်း သိရှိရသည်။
ဝေယံဖြိုး