တာမွေမြို့နယ်ရှိ ကျောက်မြောင်းစျေးတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

တာမွေ ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာ စျေးများတွင် ညအချိန်များ၌ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး၊ မသင်္ကာဖွယ်ရာ ပစ္စည်းများ မရှိစေရေးနှင့် စျေးများအတွင်း ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ယမန်နေ့ ညပိုင်းအချိန်က တာမွေမြို့နယ်ရှိ ကျောက်မြောင်းစျေးတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး အတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ တာမွေမြို့နယ်ရှိ ကျောက်မြောင်းစျေးတွင် ညအချိန်များ၌ မီးကြွင်းမီးကျန်များမှတစ်ဆင့် မီးဘေး အန္တရာယ် မဖြစ်ပေါ်စေရေး၊ မသမာသူများ ထားရှိသော မသင်္ကာဖွယ်ရာ ပစ္စည်းများကြောင့် မီးလောင်ကျွမ်းခြင်းများ မဖြစ်ပေါ်စေရေးနှင့် စျေးသူ/သားများ သိမ်းဆည်း ထားရှိသော ကုန်ပစ္စည်းများ လုံခြုံမှုရှိစေရေးတို့အတွက် စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ရန်ကုန်မြို့ရှိ စည်ပင်သာယာစျေး တစ်ချို့တွင် မီးလောင်ကျွမ်းခြင်းများ မကြာခဏဆိုသလို ဖြစ်ပေါ်နေသည့်အတွက် မီးဘေးလုံခြုံရေးကို အဓိကထား စစ်ဆေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် စည်ပင်သာယာရေး ကော်မတီအနေဖြင့် တာမွေမြို့နယ်ရှိ ကျောက်မြောင်း စျေးအား စျေးအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှု ရှိစေရေးအတွက် စျေးအတွင်း သန့်ရှင်း သပ်ရပ်စေရေး၊ လုံခြုံမှုရှိစေရေးနှင့် မြို့နယ်စည်ပင် သာယာရေး ကော်မတီမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်စေရေး၊ စျေးအတွင်း ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် အထူးအလေးထား ဆောင်ရွက်နေသလို နွေရာသီကာလ၌ အဆိုပါ ကျောက်မြောင်းစျေးအတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက်လည်း ကြိုတင် ကာကွယ်ရေး လုပ်ငန်းများနှင့် အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်