ကျောက်ဖြူ ဖေဖော်ဝါရီ ၂၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးဖြစ်သည့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ရုံးဝန်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ပြန်လည်ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမတွင် ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covid Shield နှစ်ကြိမ်ထိုးနှံ ပြီးဖြစ်သည့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ရုံးဝန်ထမ်းများအား ဂျပန်နိုင်ငံထုတ် Convaxin ဆေးအားထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေး တစ်လုံးလျှင် ဝန်ထမ်း(၁၀)ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိသည်။
ယင်းနောက် ကာကွယ်ဆေးထိုးရန် လာရောက်ကြသည့် ဝန်ထမ်းများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သတ်မှတ်နေရာများသို့ လိုက်ပါ ပို့ဆောင်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်းများ ဆောင်ရွက်ကာ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးများအား ထိုးနှံပေးလျက် ရှိသည်။
ကျောက်ဖြူမြို့နယ်တွင် ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ကို ဖေဖော်ဝါရီ(၁၈)ရက်နေ့မှစ၍ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား ပြန်လည် ထိုးနှံပေးလျက်ရှိရာ ဖေဖော်ဝါရီ(၁၉)ရက်နေ့အထိ အဆိုပါ ထပ်ဆောင်ကာကွယ်ဆေး လာရောက် ထိုးနှံပြီးသူ ၁၁၅၀ ဦးရှိပြီး ယနေ့တွင် ဆေးထိုးရန် ကျန်ရှိနေသေးသည့် ပညာရေးဌာနမှ ဝန်ထမ်းများအား ဆက် လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း