နားကုန်းကျေးရွာအုပ်စုတွင် ‘‘ပန်းခင်း”စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း စစ်ဆေး ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်

လင်းခေး    ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူတို့သည် “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းစစ်ဆေးထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်း လုပ်ငန်းများကို (၁၁-၂-၂၀၂၂)ရက်နေ့မှ (၁၉-၂-၂၀၂၂)ရက်နေ့အထိ အဆိုပါ ကျေးရွာအုပ်စုရှိ ကျေးရွာ(၉)ရွာစုရပ်များ အသီးသီး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် ခရိုင်ဦးစီးမှူးဦးစောဝင်းလွင်နှင့် ဒုတိယခရိုင်ဦးစီးမှူး ဒေါ်နန်းတင်မိုးဆွေတို့က လာရောက်ကြည့်ရှုအားပေးကာ “ပန်းခင်း”စီမံချက်လုပ်ငန်းဆိုင်ရာ သိ‌ကောင်းစရာများအကြောင်းကို ကျေးရွာအုပ်စုနေ ပြည်သူ လူထုတို့အား အသိပညာပေး ဟောပြောပေးခဲ့ပြီး၊ ဝန်ထမ်းများက အဆိုပါစီမံချက်လုပ်ငန်းဆိုင်ရာ လက်ကမ်းစာစောင်များကို ကျေးရွာအုပ်စုရှိ ပြည်သူတို့လက်ဝယ်အရောက် ဖြန့်ဝေပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီးကျေးရွာအုပ်စုရှိ အသက်၁၈နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရန် လိုအပ်သော ရွာသူရွာသား ပြည်သူ (၃၀၁)ဦး အားနိုင်ငံသားစိစစ်ရေးကတ်ပြား (၃၀၁)ကတ်ကို ဆောင်ရွက်ထုတ်ပေးနိုင်ခဲ့ပြီး၊ အိမ်ထောင်စုလူဦးရေစာရင်း အသစ်(၉၈) စုကိုလည်း ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

 စိုင်းဇော်လတ