ရန်ကုန် ဖေဖော်ဝါရီ ၂၁
ယခုအခါတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ကိုဗစ်-၁၉ရောဂါသည် မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်အဖြစ် ပြန်လည်ကူးစက်မှုနှုန်း မြင့်တက်လာခြင်းကြောင့် တိုင်းဒေသကြီနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင်လည်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ လူအသွားအလာများသည့်နေရာများတွင် အသံချဲ့ စက်ဖြင့် ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ အသိပညာပေး နှိုးဆော်ရာတွင် " မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ကူးစက်မခံရစေရန်အတွက် အတတ်နိုင်ဆုံး မဖြစ်မနေ မိမိအိမ်တွင်း၌သာနေထိုင်ကြရန်၊ မိမိတို့နေအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များလက်မခံကြရန်၊ မိမိတို့အနေဖြင့်လည်း အခြားသူများထံသွားရောက်ခြင်း မပြုလုပ်ကြရန်၊ နေအိမ်မှပြင်ပသို့ မဖြစ်မနေ သွားလာရမည်ဆိုပါကလည်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)တပ်ရန်၊ အရာဝတ္ထုတစ်ခုခုကို ထိတွေ့ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် အနည်းဆုံး စက္ကန့် (၂၀)ကြာ ဆေးကြောကြရန်၊ လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ မိမိတို့နေအိမ်တွင် လေဝင်လေထွက်ကောင်းစေရန် ပြတင်း ပေါက်များ ဖွင့်ထားကြရန်၊ လူတစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ ပြောဆိုနေထိုင်ဆက်ဆံကြရန်၊ အပြင်ထွက်ရာ မှ ပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့် တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့်နှာခေါင်းစည်း ( Mask )များကို အိမ်အပြင်တွင် စွန့်ပစ်ကြရန်၊ အပြင်က ပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြရန်၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူများအနေဖြင့် အမြန်ဆုံးထိုးနှံကြရန် " စသည်ဖြင့် အသိပညာပေးနှိုးဆော်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီအနေဖြင့် ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်နှင့်ပတ်သက်၍ မြို့နယ်အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းများကို နေ့စဉ် နံနက်ပိုင်းနှင့်ညနေပိုင်း အချိန်များတွင် တစ်ရက်လျှင် နှစ်ကြိမ်ဖြင့် အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန်နှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် အချက်များကို အမျိုးသား ရေးအသွင်အဖြစ် မှတ်ယူပြီး တိကျစွာလိုက်နာခြင်းဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီက အသိပေးနှိုးဆော်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)