မောင်တော ဖေဖော်ဝါရီ ၂၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ နံသာတောင် ပညာဒါန ပရဟိတ ကျောင်း၏ (၉)ကြိမ်မြောက် စုံညီပွဲတော် နှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နယ်စပ်ဒေသ နံသာတောင်ပညာဒါန ပရဟိတကျောင်း၏ ဦးစီး ပဓာနနာယက၊ သဒ္ဓမ္မ ဇောတိက ဓဇ၊ ရခိုင့်တံခွန် ဆုတံဆိပ်တော်ရ နံသာတောင်ဆရာတော် အရှင်သူမြတ်မှ အဖွင့်ဩဝါဒစကား မိန့်ကြားပြီး မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီးဦးအောင်ကျော်ထွန်းနှင့် တောင်ပြိုလက်ဝဲမြို့ အ.ထ.က ကျောင်းအုပ်ဆရာမကြီးတို့မှ ဂုဏ်ပြုဝမ်းမြောက်စကားနှင့် ကျေးဇူး တင်စကား ပြောကြားခဲ့ကြသည်။
ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆု ရရှိခဲ့သော ကျောင်းသား/သူများ၊ ၂၀၂၁-၂၀၂၂ခု ပညာသင်နှစ် အားကစား၊ စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား/သူများအား နံသာတောင်ဆရာတော်ကြီးနှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့် ပေးကြပြီး ကျောင်းသား/သူများက ရခိုင့်ရိုးရာယိမ်း အကအလှများ၊ တေးသီချင်းများဖြင့် ကပြဖျော်ဖြေပေး ခဲ့ကြသည်။ အဆိုပါ နံသာတောင်ပညာဒါန ပရဟိတကျောင်းတွင် ကျောင်း သား/သူ ပေါင်း(၃၀၀) ကျော် ခန့် ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)