(၇၃)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့နှင့် စတုတ္ထအကြိမ် တပေါင်းပွဲတော် အကြိုအထိမ်းအမှတ် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

မောက်မယ် ဖေဖေါ်ဝါရီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊  မောက်မယ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဟိုနမ့်ဒေသ (၇၃) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့နှင့် စတုတ္ထအကြိမ် တပေါင်း ပွဲတော် ပြိုင်ပွဲကျင်းပရေးကော်မတီ တို့မှပူးပေါင်း၍ (၇၃) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့နှင့် စတုတ္ထအကြိမ်တပေါင်းပွဲတော်အကြို အထိမ်းအမှတ် အမျိုးသားဘောလုံးပြိုင်ပွဲကို ဟိုနမ့် ကျေးရွာအုပ်စု နောင်ဘောင် ဘောလုံးဘက်စုံဖွံ့ဖြိုးရေး အားကစားကွင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အဆိုပါဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးခွန်ဆိုင်ဖတို့က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲကျင်းပရေးကော်မတီ နာယက ဦးခွန်ဟန်သိန်းဦးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ပွဲဦးထွက် ယှဉ်ပြိုင်ကစားသည့် အငယ်တန်းမှ ဟိုနမ့်လက်ရွှေးစင် အသင်းနှင့်ခမ်းနဂါးလူငယ်အသင်းတို့ ယှဉ်ပြိုင်မှုအား ကြည့်ရှုအားပေး ခဲ့ကြသည်။

အဆိုပါ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ဘောလုံးဝါသနာရှင်များ အငယ်တန်း (၄၃)သင်းနှင့် အကြီးတန်း(၁၁)သင်းတို့ ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ပြီး  မတ်လ(၁၆) ရက်နေ့ (၇၃)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ စတုတ္ထအကြိမ် တပေါင်းပွဲတော် တွင် ဗိုလ်လုပွဲ ကျင်းပပြီးဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း  ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ  သိရသည်။

 စိုင်းမျိုးသန့်(မောက်မယ်)