သထုံမြို့၊ နောင်ကုလား၊ ဘုရားလေးပရိယတ္တိစာသင်တိုက် ကျောင်းတိုက်ဂုဏ်ဆောင် စာအောင် သံဃာ(၃)ပါးအား ဂုဏ်ပြုပူဇော်လှည့်လည်ပွဲပြုလုပ်

သထုံ    ဖေ‌ဖော်ဝါရီ    ၂၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားရွာကြီး၊ ဘုရားလေးပရိယတ္တိစာသင်တိုက်မှ နိုင်ငံတော် အဆင့် အောင်မြင်မှုကို ဆွတ်ခူးရရှိခဲ့ပြီး ကျောင်းတိုက်ဂုဏ်ဆောင်နိုင်ခဲ့သည့် သံဃာတော် (၃)ပါးတို့အား ဒေသခံပြည်သူများတို့က ယမန်နေ့ မွန်းလွဲပိုင်းက ဂုဏ်ပြုကြိုဆိုကာ လှည့်လည် ပူဇော်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပသော ၁၃၈၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ၌ သထုံမြို့ ကိုယ်စားပြု၍ နိုင်ငံတော်အဆင့် အောင်မြင်မှုကို ဆွတ်ခူးရရှိခဲ့သည့် နောင်ကုလားကျေးရွာ၊ ဘုရားလေးပရိယတ္တိ စာသင်တိုက်မှ တစ်နိုင်ငံလုံး ပထမငယ်တန်း(ဒုတိယ) ရှင်နရပတိ၊ တစ်နိုင်ငံလုံး အခြေပြု မူလတန်း(ပထမ) အရှင်ဉာဏိန္ဒနှင့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ပရိယတ္တိ သာသနာ့ လင်္ကာရအသင်းမှကျင်းပသော သာမဏေကျော် (အလင်္ကာရဘွဲ့) စာမေးပွဲ၌ တတိယဆင့်ကို  ဝင်ရောက် ဖြေဆိုရာ တတိယဆင့်၌  အောင်စဉ် နံပါတ် (၆) ဖြင့်  အောင်မြင်၍ သာမဏေကျော် (အလင်္ကာရဘွဲ့) ရရှိသည့် ရှင်ဂန္ဓသာရတို့အား သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ဓမ္မဒူတ သုခိတာရုံကျောင်းတိုက် ဆရာတော်ကြီး၏ ဩဝါဒလမ်းညွှန်မှုဖြင့် ဒေသခံပြည်သူများက ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာမှ စတင်ကာ သထုံမြို့တွင်း အထိ လှည့်လည်၍ ဂုဏ်ပြုကြိုဆို ပူဇော်ခဲ့ကြသည်။

သထုံမြို့နယ်၊ နောင်ကုလားရွာကြီး၊ ဘုရားလေးပရိယတ္တိ စာသင်တိုက်သည် စတင်တည်‌ထောင်သည့် ကာလမှ ယခုနှစ်အထိ ကိုးနှစ်တာ ကာလအတွင်း နိုင်ငံတော်အဆင့် အောင်မြင်မှု နှစ်ကြိမ်ရှိသည့်အနက် ပထမအကြိမ်(၁)ပါး၊ ယခု ဒုတိယအကြိမ်၌ (၂)ပါး စုစုပေါင်း (၃)ပါး ရှိခဲ့ပြီဖြစ်ကြောင်း အဆိုပါ စာသင်တိုက်မှ သိရသည်။

ကိုကိုဦး(ပြန်/ဆက်)