သီပေါ ဖေဖော်ဝါရီ ၂၁
ပွင့်လင်းရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုများ၊ မီးလန့်မှုများ မဖြစ်ပွားစေရန်အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယမန်နေ့ မွန်းလွှဲ ၃ နာရီအချိန်က မြို့တွင်း ရပ်ကွက်များနှင့် အနီးအနားကျေးရွာများသို့ လှည့်လည်ဆော်ဩခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီပေါမြို့ပေါ်ရှိ ရပ်ကွက် (၁၁) ရပ်ကွက်နှင့် ကျေးရွာအတွင်းနေထိုင်ကြသူများအားလုံး အိမ်ခြံဝင်း အတွင်း အမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားထားရန်၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့် လှေကားများ စနစ်တကျထားရှိရန်၊ မီးသတ်ဆေးဘူးများ လုံလောက်စွာ ဆောင်ထားရန်၊ လောင်စာဆီများသိုလှောင် မထားရန်စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအချက်များနှင့် မီးဖိုမီးအသုံးပြုလျှင် လိုက်နာဆောင်ရွက် ရမည့်အချက်များ၊ လျှပ်စစ်မီးသုံးစွဲလျှင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ဖယောင်းတိုင်၊ အမွှေးတိုင် အသုံးပြုခြင်းများ၊ ဓာတ်ဆီ ဖြည့် / လှယ်လျှင် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပေးနှိုးဆော်ခဲ့ကြောင်းနှင့် အဆိုပါ အချက်များအား လိုက်နာမှုမရှိပါက မီးသတ်တပ်ဖွဲ့နည်း ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ခင်လေး(မြို့နယ် ပြန်/ဆက်)