ကျောက်ပန်းတောင်း ဩဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများ၊ ရေဆုံးအုပ်စုကျေးရွာများ၊ စိတ္ထိန်းအုပ်စုကျေးရွာများသည် ဆောင်းကြက်သွန် အမြောက်အများ စိုက်ပျိုးကြသည့်နေရာဒေသများဖြစ်ကာ ယခုနှစ် ကြက်သွန်နီနှုတ်သိမ်းစအချိန်က တစ်ပိဿာ ၅၀၀ ကျပ်နှုန်းထိရှိခဲ့ရာမှ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ဆောင်းကြက်သွန်ခေါ်လှောင်ကြက်သွန်ဈေးနှုန်း တစ်ပိဿာ ၃၅၀ ကျပ်သာ ရောင်းချနေရခြင်းကြောင့် ဆောင်းကြက်သွန်ခေါ် လှောင်ကြက်သွန်စိုက်တောင်သူများ တစ်ပိဿာစိုက်စရိတ်ထက် အရှုံးဘက်ဈေးနှုန်းဖြင့် ရောင်းချနေရကြောင်း လဲဂွကျေးရွာ ဆောင်းကြက်သွန်စိုက်တောင်သူဦးပိုက်က ပြောသည်။
ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းကြက်သွန်ခေါ် လှောင်ကြက်သွန်စိုက်ပျိုးကြ သည့် ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် လက်ပံ့အိုင့်ကျေးရွာ၊ လဲဂွကျေးရွာ၊ ညောင်ဖြူပင်ကျေးရွာ၊ မုန့်ကုန်းကျေးရွာ၊ ကုန်းတဲ၊ မုန့်ကုန်း၊ ညောင်ချိုင်းတောင်၊ ညောင်ချိုင်းမြောက်၊ ကင်မွန်းခြုံ၊ မကျည်းတိုင်း၊ စည်ပင်သာ၊ ကိုင်းကျေးရွာ၊ ညောင်ပင်သာ၊ မြိုင်သာယာကျေးရွာ၊ အိုးအိုင်ကျေးရွာ စသည့်ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများ၊ ရေးဆုံးအုပ်စုကျေးရွာများ၊ ပုပ္ပားမြောက်ဘက် စိတ္ထိန်းအုပ်စုကျေးရွာများသည် ဆောင်းကြက်သွန်ခေါ် လှောင်ကြက်သွန် အမြောက်အများ စိုက်ပျိုးကြသည့်ကျေးရွာများဖြစ်ကြကာ ကြက်သွန်ပြန်လည်ရောင်းချချိန် ကြက်သွန်ဈေးနှုန်း အင်မတန်နည်းနေခြင်းကြောင့် ဆောင်းကြက်သွန်စိုက်ကြသည့်တောင်သူများ ပြန်လည်စိုက်ပျိုးချိန် အရင်းအနှီးပင်မရရှိနိုင်ကြောင်း မုန့်ကုန်းကျေးရွာ ဆောင်းကြက်သွန်နီစိုက်တောင်သူ ဦးမင်းညိုက ရှင်းပြသည်။
ဆောင်းကြက်သွန်ခေါ် လှောင်ကြက်သွန်စိုက်ပျိုးချိန်သည် ပျိုး(မျိုး)ထောင်ချိန်မှနှုတ်သိမ်းပြီးချိန်ထိ အချိန်ငါးလခွဲကြာမြင့်ကာ ရောင်းချိန်နှင့်ပါဆို နှစ်ပတ်လည်အထိထားရှိရကာ တော်သလင်း၊ သီတင်း ကျွတ်၊ တန်ဆောင်မုန်းလတို့တွင် မဖြစ်မနေဈေးကောင်းသည်ဖြစ်စေ၊ ဈေးမကောင်းသည်ဖြစ်စေ ရောင်း ချရကြောင်းသိရပြီး သီတင်းကျွတ်လနှင့်တန်ဆောင်မုန်းလတို့တွင် ဆောင်ကြက်သွန်နီဈေး ပုံမှန်တက်လေ့ရှိသော်လည်း ယခုနှစ် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဆောင်းကြက်သွန်စိုက်တောင်သူများ အရှုံးနှင့်ပင် ကြက်သွန်နီရောင်းချချိန်ရာသီကုန်ဆုံးသွားမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
ကြက်သွန်ပျိုးထောင်ချိန်ဖြစ်သည့် သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် ကြက်သွန်ပျိုးစေ့များ မြေသားဘောင်ပြုလုပ်ကာ ပျိုးထောင်ကြကြောင်း၊ ပျိုးသက် ၄၅ ရက်ကြာလျှင် စိုက်ခင်းထဲသို့ရွေ့ပြောင်းစိုက်ကြရပြီး ပျိုးနုတ်ချိန်၊ စိုက်ပျိုးချိန် လူအင်အားအများအပြားဖြင့် စိုက်ပျိုးမှုအမြန်ပြီးစေရန် စိုက်ပျိုးရကြောင်း၊ ကောက်စိုက်သမတစ်ဦးလျှင် နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီထိ ၅၀၀၀ ကျပ်နှုန်း ပေးရကာ၊ အမျိုးသားတစ်ဦးလျှင် ၁၀၀၀၀ ကျပ်ပေးရကြောင်း သိရသည်။
ကြက်သွန်စိုက်ပျိုးချိန် စတင်ပြီဆိုကတည်းက မြေဆီနွားချေး၊ ဆိတ်ချေး၊ ကြက်ချေး၊ ငုံးချေး၊ နှမ်းဖတ်၊ ပဲဖတ်များ ကြိုတင်ဝယ်ယူစုဆောင်းထားရကာ၊ ရေသွင်းစိုက်ပျိုးချိန်တွင်လည်း ရေဖြန်းသည့် စက်ပေါ်မူ တည်ကာ ဓာတ်ဆီ၊ ဒီဇယ်ဆီဖြင့်ရေဖြန်းပေးရကြောင်း ချောင်းကြက်သွန်ခင်းများ နေ့စဉ် နံနက်၊ ည ရေဖြန်းရပြီး ကုန်းကြက်သွန်များ နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါရေဖြန်းရေသွင်းရကြောင်း ညောင်ဖြူပင် ကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးဝင်းထိုက်က ရှင်းပြသည်။
ဆောင်းကြက်သွန်နှုတ်ချိန်တွင် နှုတ်ခ၊သယ်ခ၊ ကုန်ကျစရိတ်အလွန်များခြင်းကြောင့် ကြက်သွန်ဈေးနှုန်း ၃၅၀ကျပ်ဖြစ်နေခြင်းမှာ ဆောင်းကြက်သွန်စိုက်တောင်သူများ ပြန်လည်စိုက်ပျိုးချိန် အရင်းအနှီးပင် ခက်ခဲနိုင်ကြောင်း ကြက်သွန်စိုက်တောင်သူများကပြောပြ၍သိရပြီး ကြက်သွန်တစ်ဧကစိုက်ပျိုးစရိတ် သိန်း (၂၀) ခန့်ကုန်ကျကြောင်း၊ ကြက်သွန်တစ်ပိဿာစိုက်ခ အရင်းအနှီး (ဆောင်းကြက်သွန်) ၅၀၀ ကျပ်နှင့် ၅၅၀ကျပ်ကြား ကုန်ကျစရိတ်ရှိခြင်းကြောင့် ကြက်သွန်စိုက်တောင်သူများအရှုံးနှင့် ရောင်းချနေရကြောင်း သိရသည်။
ကိုထိန်၊KPD