နောင်ချို ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အတွက် Mask Campaign ကို ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေးနှင့် လမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ Mask Campaign ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကြည်တိုး၏ ဦးဆောင်မှုဖြင့် မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ စည်ပင်သာယာရေးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်/ဆက် ဦးစီးဌာနနှင့် တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ခရီးသွားပြည်သူများအား၊ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ရန်၊ လူစုလူဝေးကို တတ်နိုင်သမျှရှောင်ကြဉ်ရန်၊ လက်ကိုစနစ်တကျဆေးကြောရန် စသည့် ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး ဆွေးနွေး ခဲ့ကြသည်။
နောင်ချိုမြို့နယ်အနေဖြင့် ယခုလတ်တလောကလတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူများ ပြန်လည်တွေ့ရှိနေရသောကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
ထွေးငယ်၊ ပြန်/ဆက်