မင်္ဂလာဒုံမြို့နယ်တွင်အသက်(၁၀)နှစ်ပြည့် နိုင်ငံသားကတ်ကိုင်ဆောင်သူ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

မင်္ဂလာဒုံ  ဖေဖော်ဝါရီ  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဟူသော ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိရာ ဖေဖော်ဝါရီ (၁၉)နေ့ နံနက် (၉) နာရီ မှ ညနေ (၄) နာရီထိ မင်္ဂလာဒုံမြို့နယ်၊ အ.ထ.က(၅) ကျောင်းရှိအသက် (၁၀) နှစ်ပြည့် နိုင်ငံသားကတ်ကိုင်ဆောင်သူ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့် ဒုမြို့နယ်ဦးစီးမှူး ဦးအောင်ဆင့်ဆင့်ဦးဆောင်သော အဖွဲ့က မင်္ဂလာဒုံမြို့နယ်၊ အ.ထ.က(၅) ကျောင်းရှိအသက်(၁၀) နှစ်ပြည့် ၃(က) နိုင်ငံသားကတ်ကိုင်ဆောင်သူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၀၆) ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မင်္ဂလာဒုံမြို့နယ်၊ အထက်တန်းကျောင်းများနှင့် အထက်တန်းကျောင်းခွဲများရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားများ မဆောင်ရွက်ရသေးသော ကျောင်းသား၊ ကျောင်းသူများအားဆက်လက်၍ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ သိရသည်။

သန္တာ(ပြန်/ဆက်)