မော်လမြိုင် ဖေဖော်ဝါရီ ၂၀
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက် ပိုင်းက မော်လမြိုင်မြို့ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီးဖူးမျှော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းကပ်လှူပူဇော်ကာ တစ်ပေပတ်လည် စကျင်ကျောက်ပြားများ ရင်ပြင်တော် အပြည့်ခင်းကျင်း ဆောင်ရွက်ပြီးစီးမှုတိုကို ကြည့်ရှုစစ်ဆေးပြီး စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်တွင် ရေစီး၊ရေလာ ကောင်းမွန်ရေး၊ ရေနုတ်မြောင်များ ဖောက်လုပ်နေမှု၊ မိုးတွင်းကာလ ရေတင်ကျန်မှုမရှိစေရေး တာဝန်ရှိသူများအား မှာကြား၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကျိုက်သလ္လံစေတီတော်မြတ်ကြီးအား ဘက်စုံမွမ်းမံခြင်းကို ၂၀၂၁ခုနှစ်မှစတင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်း၊ ကျောက်ပြား အချပ်ရေ လေးသောင်းခန့်ခင်းကျင်း ဆောင်ရွက်မည်ဖြစ်သည်။
ဆက်လက်၍ ဣစ္ဆာသယသိဒ္ဓိရှင်လေးကျွန်း သစ္စာရှင်နဂါးမောက်စေတီတော်မြတ်ကြီးတွင် တည်ထား ကိုးကွယ်မည့်နဂါးရုံ ဘုရားကြီးထုဆစ် ပူဇော်ရန် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၊ စကျင်ကျေးရွာမှ အချင်း (၁၀) ပေ၊ အမြင့် (၁၈) ပေ၊ အလေးချိန် တန် (၆၀) ခန့်ရှိ စကျင်ကျောက်တော်အား ပြည်နယ်ဝန်ကြီးချုပ်နှင့် အလှူရှင်များ က အမွေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။
အဆိုပါစေတီတော်မြတ်ကြီးတွင် ဆရာတော်ဦးဆောင်မှုဖြင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တို့၌ မနက်(၁၀)နာရီမှ ည(၆)နာရီအထိ လူမျိုးဘာသာမရွေး သုံးဆောင်နိုင်ရန် အာဟာရဒါန စတုဒီသာဖြင့် မတည်အလှူရှင်အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးလှထွန်း (ကိုလှထွန်းငရုပ်သီးမှုန့်လုပ်ငန်း) မိသားစုနှင့် စေတနာရှင်ကုသိုလ်ရှင်များက ရာသက်ပန် ကျွေးမွေးမည်ဖြစ်ပြီး အလှူရှင်အကျိုးတော်ဆောင်များ၊ ပရဟိတအဖွဲ့များမှ ဝိုင်းဝန်းကုသိုလ်ယူ ဆောင်ရွက်ပေး လျက်ရှိသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မွန်ပြည်နယ်ပတ်၀န်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၏ ဒုတိယဦးစီးမှူး အရည်အချင်းစစ် စာမေးပွဲကို ကိုဗစ်-၁၉ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖြေဆိုနေမှုကြည့်ရှု အားပေးပြီး ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေး၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရေး စဉ်ဆက်မပြတ် လေ့ကျင့်ပေးကြရန် လိုအပ်ကြောင်းတာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။
ဇာဖြူဝင်း(ပြန်/ဆက်)