မိုင်းယောင်း ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာအုပ်စု ဝမ်တွီကျေးရွာတွင် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်ကပင် တည်ထားကိုးကွယ်တော်မူခဲ့သော ထပ်ဒေါင်ဘွတ်စေတီတော် ရွှေထီးတော်သစ်တင်လှူပူဇော်ပွဲကို ယမန်နေ့က အဆိုပါစေတီတော် ရင်ပြင်၌ စည်ကားစွာ ကျင်းပခဲ့သည်။
ထီးတော်တင်ပွဲတွင် ဧည့်ပရိသတ်များက ဝမ်တွီကျောင်းဆရာတော်ထံမှ သီလခံယူပြီး အလှူရှင်မိသားစုက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့်ဆင့် တို့ကို ဆရာတော်များထံ ဆက်ကပ်လှူဒါန်းကာ စေတီတော်ကြီးအား လက်ယာရစ်လှည့်လည် ပူဇော်ခဲ့ပြီးနောက် ရွှေထီးတော်ဘုံအဆင့်ဆင့်ကို မင်္ဂလာရထားပျံဖြင့် စေတီတော်ပေါ်သို့ တင်လှူပူဇော်ခဲ့သည်။
ထို့နောက် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းပြီး စေတီတော်ကြီးအား အနေကဇာတင် ပူဇော်ခဲ့ကြသည်။ အဆိုပါ ရွှေထီးတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ-ဒေါက်တာနန်းရှဲန်အွန် မိသားစုက လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဝမ်တွီကျေးရွာရှိ ဒါယကာ၊ ဒါယိကာမများက စုပေါင်း၍ တင်လှူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း