မာန်အောင် ဖေဖော်ဝါရီ ၂၀
ရခိုင်ပြည်နယ် မာန်အောင်မြို့၊ အနောက်စုရပ်ကွက်၊ မြို့ဦးတွင် ကမ္ဘာ့သနာပြု မဟာဇေယျသိဒ္ဓိ အဓိဌာန် ဆရာတော် ဘဒ္ဒန္တကုလရက္ခိတ ဦးဆောင်ကြီးမှူး၍ ပြည်တွင်း၊ပြည်ပ အလှူရှင်များနှင့် ပူးပေါင်းကာ တည်ထားကိုးကွယ်မည့် ဉာဏ်တော် (၁၀၈)ပေအမြင့်ရှိ လောကဦးသျှောင် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် ပန္နက်တော်တင် အုတ်မြစ်ချမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီကကျင်းပရာ အခမ်းအနားသို့ အဓိဌာန်ဆရာတော် ကြွရောက်ချီးမြှင့်ခဲ့သည်။
ရှေ့ဦးစွာအခမ်းအနားကို ကြွရောက်လာသော သံဃာတော်များနှင့် ပရိတ်သတ်များက ``နမောတဿ´´သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး မာန်အောင်မြို့၊ မဟာဓမ္မိကာရုံ ကျောင်းဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရထံမှ ငါးပါးသီလခံယူ ဆောက်တည် ကြသည်။
ထို့နောက် မဟာဇေယျသိဒ္ဓိအဓိဌာန်ဆရာတော်က ကြွရောက်လာသည့် သံဃာတော်များထံမှ သြဝါဒခံယူပြီး သံဃာတော်များ ကိုယ်စား မာန်အောင်မြို့၊ မြို့မကျောင်းကြီးဆရာတော် ဘဒ္ဒန္တဣဿရိယက သြဝါဒကထာချီးမြှင့်ကာ အလှူရှင်များက သံဃာတော်များအား လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ရခိုင်တေးသံရှင်များနှင့် မာန်အောင်မြို့နယ် ယဉ်ကျေးမှုအဖွဲ့က ဓမ္မပူဇာသီချင်း၊ အကများဖြင့် ပူဇော်ခဲ့ကြသည်။
၎င်းနောက် ပန္နက်တော်တင် အုတ်မြစ်ချမင်္ဂလာကို နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပရာ မဟာဇေယျသိဒ္ဓိအဓိဌာန် ဆရာတော်နှင့်ပင့်သံဃာ(၁၈)ပါးတို့က ရတနာရွှေအုတ်၊ ငွေအုတ်များဖြင့် ပန္နက်တင်အုတ်မြစ်ချကြပြီး အောက်ဌာပနာတွင် အလှူရှင်များက ဘုရားဆင်းထုတော်နှင့် ရတနာရွှေငွေများကို ထည့်သွင်းပူဇော်ကြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘုရားဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက ရတနာရွှေအုတ်၊ ငွေအုတ်များဖြင့် အုတ်မြစ်ချ ပူဇော်ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကာ အခမ်းအနားပြီးဆုံးခဲ့သည်။
အဆိုပါ လောကဦးသျှောင် ထိုင်တော်မူရုပ်ပွားတော်မြတ်ကို အဓိဌာန်ဆရာတော် ဦးဆောင်ပြီး အလှူရှင်များက ငွေကျပ်သိန်း ၁၅၀၀၀ ခန့် ကုန်ကျခံကာ တည်ထားကိုးကွယ်သွားမည် ဖြစ်ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)