မိတ္ထီလာတွင် ထန်းလျက်ဈေးကောင်း၍ ထန်းလျက်ချက်ရောင်းသည့် တောင်သူများအဆင်ပြေ

မိတ္ထီလာ ဖေဖော်ဝါရီ ၂ဝ

မိတ္ထီလာတွင် ယခုနှစ်၌ ထန်းလျက်စျေးကောင်း၍ မိသားစုဝင်ငွေရလုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင် ထန်းလျက်ချက်ရောင်းချသည့် တောင်သူများ မိသားစုဝင်ငွေ ပိုမိုရရှိ၍ အဆင်ပြေလျက်ရှိကြောင်း ဒေသခံထန်းလျက်ချက် တောင်သူများထံက သိရသည်။

“မနှစ်က ထန်းလျက်စျေးမကောင်းခဲ့ဘူး၊ တစ်ပိဿာကို တစ်ထောင့်သုံးရာကျပ်၊ တစ်ထောင့်လေးရာ ကျပ်လောက်အထိ ပဲရောင်းခဲ့ရတာ၊ ဒီနှစ်တော့ ထန်းလျက်တစ်ပိဿာကို နှစ်ထောင့်ငါးရာကျပ်ကနေ သုံးထောင်ကျပ်အထိ ရောင်းချရတယ်၊ ငါးရက်တစ်​ဈေးဖြစ်တဲ့ ရေဝေကျေးရွာဈေးမှာပဲ ချက်ပြီးသား ထန်းလျက်တွေကို သွားရောင်းချပါတယ်၊ တစ်ဈေးကို ထန်းလျက်တစ်ဆယ်ပိဿာလောက် ရောင်းချရင် ငွေကျပ်သုံးသောင်းရတယ်၊ အိမ်က အိမ်ထောင်ဦးစီးက ထန်းတက်၊ ကျွန်မက ထန်းလျက်ချက်ပြီး တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေရ လုပ်ငန်းအဖြစ် ဒီလိုထန်းချက်ရောင်းချတာကို လုပ်ကိုင်ပါတယ်။     ဒီနှစ် ထန်းလျက်စျေးကောင်းတဲ့အတွက် မနှစ်ကထက် ပိုမိုပြီး မိသားစုဝင်ငွေရတာကြောင့် အဆင်ပြေတယ်” ဟု တပျော်ကျေးရွာအုပ်စု တမာပင်ကျေးရွာမှ ထန်းလျက်ချက်လုပ်ငန်း လုပ်ကိုင်သည့် တောင်သူဒေါ်သိန်းနုက ပြောသည်။

ထန်းလျက်သည် မြန်မာ့ရိုးရာအစားအစာထဲတွင် ပါဝင်ပြီး ကျေးလက်ဒေသများတွင် ထမင်းစားပြီးချိန်၌ အချိုပွဲတည်လျှင် ထန်းလျက်စား၍ ရေနွေကြမ်းသောက်ကြသည့် ဓလေ့၊ ထန်းလျက်ပေါ်ချိန်တွင် ဧည့်သည် လာချိန်၌ ထန်းလျက်နှင့် ရေနွေးကြမ်း တည်ခင်းဧည့်ခံသည့် ဓလေ့များရှိသည်။ တပို့တွဲလအချိန်တွင် ထန်းတက်၍ ထန်းလျက်ချက်လုပ်ငန်းများမှ ရရှိသော ထန်းလျက်ကို တပို့ဦး ထန်းလျက်ဟု ခေါ်လေ့ရှိပြီး တခြားသော အချိန်များတွင် ချက်လုပ်သည့် ထန်းလျက်ထက် တပို့ဦးထန်းလျက်သည် ဆေးဖက်ဝင် ပိုမို အရသာ ကောင်းမွန်သည့် ထန်းလျက်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ