(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အလွတ်တန်းဘောလုံးပြိုင်ပွဲ ဆုပေးပွဲ ကျောက်တလုံးကြီးမြို့၌ ကျင်းပ

ကျောက်တလုံးကြီး ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်  ၁၀ နာရီက ကျောက်တလုံးကြီးမြို့ အားကစားကွင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်တလုံးကြီးမြို့ ဘောလုံးပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များမှ ယှဉ်ပြိုင်ကစားကြမည့် အားကစားအသင်းသားများအား နှုတ်ဆက်ပြီးနောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု အထိမ်းအမှတ် အလွတ်တန်း ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲ၌ ရတနာခမ်းအသင်းနှင့် ကောင်ဝိန်း(AKK)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရတနာခမ်း အသင်းက ကောင်ဝိန်း (Akk) အသင်းကို လေးဂိုးတစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့သည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမဆုရရှိသော ရတနာခမ်း အသင်းနှင့် ဒုတိယဆုရရှိသော ကောင်ဝိန်း (AKK) အသင်းတို့ကို ကျောက်တလုံးကြီးမြို့ ဘောလုံးပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းနှင့် ဌာနဆိုင်ရာများ၊ ဘောလုံးပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီအဖွဲ့ဝင်တို့က အားကစားသမား တစ်ဦးချင်းစီအလိုက် ရွှေတံဆိပ်နှင့် ငွေတံဆိပ်များ၊ နေရာအလိုက် အကောင်းဆုံး အားကစားသမားဆုများ၊ ပွဲစဉ်တလျှောက် အကောင်းဆုံးအားကစားသမား ဆု၊ ဒိုင်းဆု၊ ငွေသားဆုများ၊ ဖလားနှင့် အလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သော ဒိုင်လူကြီးများအား ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။  

မြဝင်း(ကျောက်တလုံးကြီး)