တာချီလိတ် ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာနှင့် သံသယလူနာ များ ထားရှိသော စံလင်းဖြိုး Quarantine Center ကို ယနေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူတို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး မင်းမင်းထွန်းဦး၊ ခရိုင်ရဲတပ်ဖွဲ့ မှူး ဒုတိယ ရဲမှူးကြီး ကျော်ဝင်းလှိုင်၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းနိုင် တို့က လာအိုနိုင်ငံမှ နေရပ်ပြန်များအား Quarantine ထားရှိမှုနှင့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအား ဆေးကုသပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ စံလင်းဖြိုး Quarantine Center တွင် လာအိုနိုင်ငံမှ နေရပ်ပြန် (၆၅)ဦးနှင့် ဒေသမှ ပိုးတွေ့ အတည်ပြုလူနာ (၅၆)ဦး၊ စုစုပေါင်း(၁၂၁)ဦးရှိကြောင်း၊ လာအိုနိုင်ငံမှ နေရပ်ပြန်များကို သတ်မှတ် (၁၄)ရက် ကာလအတွင်း နှာခေါင်းနှင့် အာခေါင်တို့ဖတ်(၃)ကြိမ် ရယူစစ်ဆေးခဲ့ပြီး ပိုးကင်းစင် ကြောင်း သိရှိရသဖြင့် ဖေဖော်ဝါရီ (၂၂)ရက်နေ့တွင် ၎င်းတို့နေထိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပြီး ပိုးတွေ့အတည်ပြုလူနာများကို ဆေးကုသမှုပေးလျက်ရှိ ကြောင်း စံလင်းဖြိုး Quarantine Center တာဝန်ခံ ဦးဘိုစံထံမှ သိရသည်။
ယာဆေး (ပြန်/ဆက်)