ကျောက်ဖြူမြို့၌ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ရုံးဝန်ထမ်းအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  Booster Dose ထိုးနှံပေး

ကျောက်ဖြူ  ဖေဖော်ဝါရီ  ၂၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးဖြစ်သည့် အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ရုံးဝန်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ပြန်လည်ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေး ဌာနမှ ဝန်ထမ်းများက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး CoviShield နှစ်ကြိမ်ထိုးနှံ ပြီးဖြစ်သည့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ရုံးဝန်ထမ်း များအား ဂျပန်နိုင်ငံထုတ် Convaxin ဆေးအား ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေး တစ်လုံးလျှင် ဝန်ထမ်း (၁၀) ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိသည်။ ယင်းနောက် ကာကွယ်ဆေး ထိုးရန်လာရောက်ကြသည့် ဝန်ထမ်းများအား မီးသတ်တပ်ဖွဲ့ဝင်များက သတ်မှတ်နေရာ များသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာ ပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များက စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်းများ ဆောင်ရွက်ကာ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိ သည်။

ကျောက်ဖြူမြို့နယ်တွင် ထပ်ဆောင်း ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး Booster Dose ကို ဖေဖော်ဝါရီ(၁၈)ရက်နေ့မှစ၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ပြန်လည် ထိုးနှံပေးလျက်ရှိရာ ဖေဖော်ဝါရီ(၁၉)ရက်နေ့အထိ လာရောက်ထိုးနှံသူ ကျန်းမာရေးဝန်ထမ်း (၃၁၀)ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၈၀ ဦး၊ ပညာရေးဝန်ထမ်း (ဆရာ၊ ဆရာမ) (၁၉)ဦး၊ အသက် (၅၀)နှစ်နှင့် အထက် အခြားနိုင်ငံ့ ဝန်ထမ်း(၁၅)ဦး၊ အသက်(၆၅)နှစ်နှင့် အထက်ပြည်သူ (၃)ဦး၊ ဌာနဆိုင်ရာဝန်ထမ်း (၅၂၃)ဦး၊ စုစုပေါင်း ထပ်‌ဆောင်ကာကွယ်ဆေး Booster Dose လာရောက်ထိုးနှံပြီးသူ ၁၁၅၀ ဦးရှိပြီး ယနေ့တွင် ပညာရေးဌာနမှ ဝန်ထမ်းများအား ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်အောင် ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက  ကြည့်ရှုစစ်ဆေးပြီး အားပေးစကားများ ပြောကြား ခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း