သထုံ ဖေဖော်ဝါရီ ၂၀
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အောက်ကွင်းကျေးရွာများတွင် စိုက်ပျိုးသည့် ဆောင်းသီးနှံပဲတီစိမ်းများ ယခုနှစ်တွင် ဆွတ်ခူးချိန်၌ အထွက်နှုန်း ကောင်းသော်လည်း ဈေးနှုန်းအနည်းငယ် လျော့ကျနေသောကြောင့် ဈေးကောင်းရရှိရန် မျှော်လင့်နေကြောင်း အောက်ကွင်းကျေးရွာများရှိ ပဲတီစိမ်းစိုက် တောင်သူများထံမှ သိရသည်။
"ပဲတီစိမ်းက မခူးခင်က တစ်တင်းကို ၄၈၀၀၀ လောက် ဈေးပေါက်ခဲ့တယ်၊ ခူးတဲ့အချိန်ရောက်တော့မှ တစ်တင်းကို ၄၅၀၀၀ ဘဲရတော့တယ်၊ ကုန်သည်တွေအနေနဲ့ ဈေးနှုန်းကို မှန်မှန်ကန်ကန်းလေး ပေးဖို့လိုတယ်၊ အခုအချိန်က အလုပ်သမားခ၊ အထွေထွေစားရိတ် အားလုံးကကြီးနေတော့ ထိုက်တန်တဲ့ ဈေးနှုန်းကို လိုချင်တာပေါ့" ဟု သိမ်ဆိပ်ကွင်း၌ ပဲတီစိမ်းဧက ၃၀ ကျော်စိုက်ပျိုးသူ ဦးဖြိုးဝေအောင်က ပြောသည်။
ယခုနှစ်၌ ရာသီဥတုကောင်းသောကြောင့် ပဲတီစိမ်းများလည်း ဖြစ်ထွန်းကြောင်း စတင်စိုက်ပျိုးချိန်တွင် ပဲမျိုးများရှားပါးပြီး ဈေးကြီးပေးဝယ်ယူ စိုက်ပျိုးခဲ့ကြရသည့်အပြင် ကိုဗစ်ကာလ သွားလာဝယ်ယူ ခက်ခဲမှုနှင့် သယ်ယူပို့ဆောင်ရေး စားရိတ်များ မြင့်မားလာမှုတို့ကြောင့် စိုက်ပျိုးစားရိတ် အရင်းအနှီးများ ကြီးမြင့်လာကြောင်း ပဲစိုက်တောင်သူတစ်ဦးက ပြောသည်။
ပဲတီစိမ်းများ စတင်စိုက်ပျိုးစဉ်က မျိုးပဲ တစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြင့် ဝယ်ယူစိုက်ပျိုးခဲ့ရကြောင်း၊ ယခု ပဲတီစိမ်းခူးချိန်တွင် ခူးဆွတ်မည့် အလုပ်သမားခ တစ်ဦးလျှင် တစ်ရက် ကျပ် ၅၀၀၀ ပေးရကြောင်း၊ ပဲတီစိမ်း ခူးရာတွင် တစ်ရာသီ၌ နှစ်ကြိမ်မှ သုံးကြိမ်အထိ ခူးဆွတ်ရကြောင်း သိရသည်။
သထုံမြို့နယ်အတွင်း ထွက်ရှိသည့် ပဲတီစိမ်းများကို ဒေသတွင်းစားသုံးမှု အနည်းငယ်သာရှိပြီး အမျာစုမှာ ပဲခူး ပဲဒိုင်တွေဆီ တင်ပို့ကြကြောင်း ပဲတီစိမ်းစိုက် တောင်သူများထံမှ သိရသည်။
သထုံမြို့နယ်တွင် ဆောင်းသီးနှံအဖြစ် ပဲတီစိမ်း၊ ပဲလွန်း၊ မတ်ပဲ၊ မြေပဲစသည့် ပဲမျိုးစုံနှင့် နွေစပါးတို့ကို စိုက်ပျိုးကြပြီး ယခုနှစ်တွင် ပဲတီစိမ်းစိုက်ဧကပေါင်း ၁၆၉၈၉ ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ကိုကိုဦး