နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါန ဆွမ်းလောင်းအသင်း၏ (၄၇၇၆)ကြိမ်မြောက် အရုဏ်ဆွမ်း လောင်းလှူ

နောင်ချို ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်း အသင်း၏(၄၇၇၆) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်းကို ၁၆.၈.၂၀၀၆ တွင် စတင်တည်ထောင်ခဲ့ပြီး မြို့တွင်းဘုန်းတော်ကြီးကျောင်း ခုနှစ်ကျောင်းမှ သံဃာတော်အပါး တစ်ရာကျော်အား အရုဏ်ဆွမ်းများ နေ့စဉ်မပြတ် လောင်းလှူ လျက်ရှိကာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အကြိမ်ရေ ၄၇၇၆ ကြိမ် လောင်းလှူခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၊ ကိုချစ်ကလေး+မဝင်းမို့မို့ဦး တို့၏သား မောင်လွင်မင်းခန့် ၃ နှစ်ပြည့်မွေးနေ့အလှူနှင့် မြို့နယ်အတွင်း အလှူရှင်များမှ လောင်းလှူခဲ့ကြသည်။

အဆိုပါ အရုဏ်ဆွမ်းလောင်းလှူသည့် သံဃာဒါနဆွမ်းလောင်းအသင်းသို့ နောင်ချိုမြို့နယ်သူ၊ မြို့နယ်သားများမှ နေ့စဉ်မပြတ် မိမိတို့ အစီအစဉ်ဖြင့် လာရောက် လောင်းလှူမှုများ ရှိသည့်အပြင် ရပ်နီး၊ ရပ်ဝေးမှလှူ ဒါန်းလိုသူများမှလည်း ပင်မအလှူရှင်အဖြစ် တစ်ရက်တာ အရုဏ်ဆွမ်းအတွက် အလှူငွေကျပ် ရှစ်သောင်းတိတိ လှူဒါန်းလျက်ရှိကြောင်း၊ ပင်မအလှူရှင်မရှိသည့် နေ့များတွင် သံဃဒါန ဆွမ်းလောင်းအသင်းမှ လောင်းလှူ လျက်ရှိကြောင်း ဆွမ်းလောင်း အသင်းထံမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)