မော်လမြိုင် ဖေဖော်ဝါရီ ၂၀
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ပညာရေးကဏ္ဍသည်များစွာ အထောက်အကူပြုသည့်အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မော်လမြိုင် တက္ကသိုလ်တွင် ဖေဖော်ဝါရီ ၁၉ရက်နေ့မှ စတင်၍ တက္ကသိုလ်ဝင်တန်းဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲ သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယနေ့နံနက် ၉နာရီတွင် ဆက်လက်သင်ကြား ပို့ချပေးလျက်ရှိသည်။
သင်တန်းဖွင့်လှစ်သင်ကြားပေးရာသို့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်၊ ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်၊ မော်လမြိုင် တက္ကသိုလ်မှ ပါမောက္ခဌာနမှူးများနှင့် ပညာရေး ဌာန တာဝန်ရှိသူများက မွန်ပြည်နယ် (၁၀)မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း အဆင့် ဆရာ/ ဆရာမများ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများမှ ဆရာ/ဆရာမများ ဘာသာရပ်အလိုက် တက်ရောက် သင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။
သင်တန်းကို Grade-11 အဆင့် သင်ရိုးဟောင်း အထောက်အကူပြု မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓါတုဗေဒနှင့် ဇီဝဗေဒတို့တွင် ဆရာ/ဆရာမ (၄၅)ဦးစီဖြင့်လည်းကောင်း၊ ပထဝီဝင်နှင့် သမိုင်းဘာသာရပ်တို့တွင် ဆရာ/ဆရာမ(၁၂)ဦးစီ တက်ရောက်သင်ကြားမှုကို မော်လမြိုင် တက္ကသိုလ်မှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပါမောက္ခဌာနမှူးများနှင့် ကထိကများက သင်ကြား ပို့ချပေးမည်ဖြစ်သည်။ အလားတူ အဆိုပါသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းကို မြို့နယ်များတွင်လည်း ဆင့်ပွား သင်တန်းများဖြင့် ပြန်လည်ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း