မလှိုင် ဖေဖော်ဝါရီ ၂ဝ
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် မိုးကြို ချည်မျှင်ရှည်ဝါ အထူးဇုံ ဧက(၅ဝ)အတွက် မျိုးစေ့နှင့် လူးနယ်ဆေး ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဉက္ကဋ္ဌ ဗိုလ်မှူးဌေးသန်းက အဖွင့်အမှာ စကားပြောကြားပြီး ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်က မိုးကြို ချည်မျှင်ရှည်ဝါ အထူးဇုံ ဧက(၅ဝ) အတွက် မျိုးစေ့နှင့် လူးနယ်ဆေး ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးစန်းယုက ဝါအထွက်နှူန်းကောင်းမွန်ရေးအတွက် တောင်သူများ လိုက်နာ ဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဉက္ကဋ္ဌ ဗိုလ်မှူးဌေးသန်း၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမိုးထွေး ၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးစန်းယုနှင့် တာဝန်ရှိသူများက အထူးဇုံဧက(၅ဝ) စိုက်ခင်းတွင်ပါဝင်သည့် တောင်သူ(၄၃)ဦးတို့အား တစ်ဧကလျှင် ရွေတောင်(၁ဝ) မျိုးသန့် ချည်မျှင်ရှည်ဝါ မျိုးစေ့(၃) ပိသာ အိတ်နှင့် Gain (20) WP လူးနယ်ဆေး တစ်ထုတ်နှုန်း ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ပေးအပ်ပွဲသို့ မိုးကြို ချည်မျှင်ရှည်ဝါ အထူးဇုံ ဧက(၅ဝ)စိုက်ခင်းတွင် ပါဝင်သည့် ရွာသစ်ကျေးရွာအုပ်စုရှိ မန်ကျီးကုန်းနှင့် ဉာဏ်ကန်ကျေးရွာများမှ တောင်သူများနှင့် မြို့နယ်စိုက်ပျိုးရေးရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)