သီပေါ ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် အကျိုးဆောင် တောင်သူများ ပူးပေါင်း၍ အထွက်နှုန်းကောင်းမွန်ပြီး ဒေသနှင့်ကိုက်ညီသော ပဲပုတ်မျိုးများ ရရှိစေရန် ရည်ရွယ်၍ ပဲပုတ်မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးခြင်းကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဘော်ကြိုကျေးရွာအုပ်စု ဆားတွင်းကျေးရွာရှိ တောင်သူ ဦးနန္တော၏လယ်မြေတွင် စတင်စမ်းသပ်စိုက်ပျိုးခဲ့ရာ ယခုအခါ (၃၉)ရက်သား ဆောင်းပဲပုတ် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။
ဆောင်းပဲပုတ် မျိုးယှဉ်ပြိုင် စမ်းသပ်စိုက်ပျိုးရာတွင် ရေဆင်း(၂)၊ ရေဆင်း(၁၂)၊ ရေဆင်း(၁၅) မျိုးများနှင့် ဒေသမျိုးများဖြစ်သည့် ကိုင်းလျှံ၊ မောက်ဖိတ်၊ စီပီမျိုး စုစုပေါင်း(၆)မျိုးအား မျိုးယှဉ်ပြိုင် စမ်းသပ်စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း၊ ရေဆင်း(၂)၊ ရေဆင်း(၁၂)နှင့် ရေဆင်း(၁၅) ပဲပုတ်မျိုးများသည် စိုက်ပျိုးရေး ဦးစီးဌာနမှ စနစ်တကျ စိုက်ပျိုးပြီး သန့်စင်ထားသော မျိုးသန့်၊ မျိုးပွားများ ဖြစ်ကြောင်း၊ စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ အကျိုးဖြစ်ထွန်းစေရေးအတွက် ရေဆင်းမျိုးများနှင့် ဒေသထွက်မျိုးများအား ယှဉ်ပြိုင် စမ်းသပ်စိုက်ပျိုးခြင်း ဖြစ်ကြောင်း၊ ယခုအခါ (၃၉)ရက် သားရှိပြီဖြစ်သော ဆောင်းပဲပုတ် စမ်းသပ်ကွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း၊ စမ်းသပ်ကွက်မှရရှိမည့် အောင်မြင်ဖြစ်ထွန်းမှုအများဆုံးနှင့် အထွက်နှုန်းကောင်းသည့် ပဲပုတ်မျိုးများကို ဒေသတွင် ဆက်လက် စိုက်ပျိုးသွားမည် ဖြစ်ကြောင်းနှင့် တောင်သူများအား စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အသိပညာများ မျှဝေခြင်းကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)