ညောင်ဦး ဖေဖော်ဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြိုခရိုင်တွင် ဆီးသီးစျေးနှုန်း တစ်တင်း နှစ်ထောင်ကျပ်ဖြစ်နေရာမှ လေးထောင်ငါးရာကျပ်အား ရက်ပိုင်း အတွင်း စျေးနှုန်းမြင့်တက်ခဲ့ကြောင်း ကျောက်ပန်းတောင်းမြို့နယ် ဂွေးကုန်းကျေးရွာ ဆီးသီးခြံပိုင်ရှင် ဦးခင်မောင်မြင့် ထံက သိရသည်။
ညောငဦးခရိုင်တွင် ဒေသမျိုးရင်းဆီးသီးပင် အမြောက်အများရှိကြပြီး ဆီးသီးမှည့်ကောက်ယူရောင်းချချိန် စတင်ပေါ်ချိန်က တစ်တင်းနှစ်ထောင်ကျပ်ဖြင့် စတင်ရောင်းချခဲ့ရရာမှ ဆီးသီးများ လှိုင်လှိုင်ပေါ်ချိန် တစ်တင်း လေးထောင်ငါးရာကျပ်စျေး ဖြစ်လာကြောင်း သိရသည်။ အညာဒေသတွင် ဆီးသီးပင်များ တပင်စိုက်ပျိုးခြင်းမရှိပဲ အလေ့ကျဆီးသီးပင်များအား ယာပိုင်ရှင် လယ်ပိုင်ရှင်များက ဆီးပင်များ ပြုပြင်ကာ အပွင့်ပွင့် အသီးသီး ရင့်မှည့်ချိန် ဆီးပင်အောက်ပေါင်းမြက်ရှင်းကာ ဆီးသီးကောက်ယူ ရောင်းချကြကြောင်း၊ ညောင်ဦးခရိုင်အတွင်း ကျေးလက်တောင်သူများ တောင်သူလုပ်ငန်းနားချိန်တွင် အလေ့ကျဆီးသီးပင်များက မိသားစုဝင်ငွေ တဘက်တလှမ်းမှ ဖြည့်ဆည်းပေးနေသည့် အလေ့ကျ ပဒေသာပင်များဖြစ်ကြောင်း၊ ဆီးသီးသီးပြီးလျှင် ဆီးပင်ဆူးကိုင်းများအား ခုတ်ကာ ယာခြံစည်းရိုး၊ လယ်ခြံစည်းရိုးအဖြစ် ခုတ်ကာကြကြောင်း သိရသည်။ ဒေသခံများ၏ ပြောကြားချက်အရ ဆီးပင်များ တစ်သီးသီးပြီးတိုင်း ခုတ်မှသာ သီးပင်များ အညှောင့်၊ အကိုင်း အထွက်သန်ကာ နောက်တကြိမ် ပြန်လည်အပွင့်ပွင့်အသီးသီးချိန် ဆီးသီးအလုံးထွားကြောင်း သိရသည်။
ညောင်ဦးခရိုင်တွင် ဆီးသီးပေါ်ကာစ တစ်တင်း နှစ်ထောင်ကျပ်ဖြင့်သာ ရောင်းချခဲ့ရပြီး ဆီးသီး လှိုင်လှိုင်ပေါ်ချိန် တစ်တင်း လေးထောင်ငါးရာကျပ် ဖြစ်လာခဲ့ခြင်းကြောင့် ဆီးသီးရောင်းချသူများ ဝမ်းသာနေကြကြောင်း သိရသည်။
ကိုထိန်၊KPD