မောင်တောမြို့နယ်၊ နံသာတောင်ကျေးရွာရှိ နယ်စပ်ဒေသ-နံသာတောင် အခမဲ့ပညာဒါန ပရဟိတဘုန်းတော်ကြီးကျောင်း၌ မြတ်ဆရာပူဇော်ပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပပြုလုပ်

တောင်ပြိုလက်ဝဲ ဖေဖော်ဝါရီ ၂၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နံသာတောင်ကျေးရွာရှိ နယ်စပ်ဒေသ-နံသာတောင်ပရဟိတ အခမဲ့ပညာဒါန ပရဟိတ ဘုန်းတော်ကြီး ကျောင်း၌ မြတ်ဆရာပူဇော်ပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမှန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ မြတ်ဆရာပူဇော်ပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို နယ်စပ်ဒေသ-နံသာတောင် အခမဲ့ပညာဒါနပရဟိတ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္ဏစရဏ ဦးစီးနာယကအဖြစ်ကြီးမှူးပြီး ဆရာတော်ကြီးမှ  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသူ၊ ကျောင်းသားများအား ပညာသင်ယူရာတွင် စိတ်ပျော်ရွှင်စေရေး၊ ပညာကိုကြိုးစားသော ကျောင်းသူ၊ ကျောင်းသားများ ဖြစ်လာစေရေး၊ အသိပညာ အတတ်ပညာ မြင့်မှားလာစေရန်ရည်ရွယ်၍ ပျော်ပွဲရွှင်ပွဲနှင့် အခမ်းအနားကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း မိန့်ကြားခဲ့သည်။

တောင်ပြိုလက်ဝဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းသူ၊ ကျောင်းသားများအား ဆုံးမသြဝါဒစကား ပြောကြားပြီး မောင်တောမြို့နယ်၊ လက်ထောက်မြို့နယ် ပညာရေးမှူးမှ မြတ်ဆရာပူဇော်ပွဲနှင့် ပတ်သတ်၍ ဝမ်းမြောက်စကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဆရာတော်ကြီးနှင့် ဆရာ၊ ဆရာမများအား ကျောင်းသား၊ ကျောင်းသူများမှ ပူဇော်ကန်တော့ကြပြီး ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက် ကပြခဲ့သည်။

အခမ်းအနားသို့ တောင်ပြိုလက်ဝဲမြို့၊ အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ သာယာကုန်းကျေးရွာ၊ သင်္ဘောလှကျေးရွာ၊ မီးတိုက်ကျေးရွာတို့မှ ဆရာ၊ဆရာမများနှင့် နယ်စပ်ဒေသ နံသာတောင်အခမဲ့ပညာဒါန ပရဟိတကျောင်းမ ှကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ပညာထူးချွန်ဆုနှင့် အားကစားထူးချွန်ဆုရသူများကို ယနေ့ညနေပိုင်းတွင် ဆုများအသီးသီး ပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် နံသာတောင်ကျေးရွာရှိ နယ်စပ်ဒေသ-နံသာတောင် အခမဲ့ပညာဒါန ပရဟိတဘုန်းတော်ကြီးကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၂ဝ)ဦး ပညာသင်ယူ လျက်ရှိကြောင်း သိရသည်။

သိန်းနိုင်(ပြန်/ဆက်)