မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask များစနစ်တကျတပ်ဆင်ရေး အသိပညာပေးဟောပြောပြီး အခမဲ့ဖြန့်ဝေ

မလှိုင်  ဩဂုတ် ၂၈

မန္တလေးတိုင်း‌ဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက ပြည်သူများအပြင်ထွက်လျှင် နှာခေါင်းစည်း (Mask) များ စနစ်တကျတပ်ဆင်အသုံးပြုရေးအသိပညာပေးခြင်းနှင့် (Mask) များ အခမဲ့ဖြန့်ဝေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့မစည်ပင်သာယာဈေး အတွင်း/အပြင်၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါနေ့က မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး‌ ဒေါက်တာ နေမင်းမျိုးထွန်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြသန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်မှ အမျိုးသမီးကော်မတီဝင်များ၊ မိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊  Saving Mahlaing နှင့် QCSG လူမှုရေးအဖွဲ့များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့မစည်ပင်သာယာဈေးအတွင်း ဈေးရောင်းချနေသူများနှင့် ဈေးဝယ်လာသူများကို နှာ ခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်အသုံးပြုရေး အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပြီး  Mask များကို အခမဲ့ ဖြန့်ဝေးပေးခဲ့ရာ Mask အခုရေ (၁၅ဝဝ) ခန့် ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။                       

 အောင်ဌေး (မလှိုင်)