လွိုင်လင် ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ ပါးစပ်နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်း (Mask Campaign) ကို ယနေ့ နံနက် ၈ နာရီက မြို့မဈေးကြီးရှေ့ နာရီစင်တွင် ပြုလုပ် ကြောင်း သိရသည်။
ယခုအခါတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(Omicron) ကူးစက်မှု ကာကွယ်နိုင်ရန် လွိုင်လင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီက ဦးဆောင်ကာ ပြည်သူ လူထုမှ Mask တပ်ဆင်ခြင်း အားနည်းလာ၍ အသိပညာပေးခြင်း သတိပေးခြင်းအဖြစ် ပါးစပ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း၊ ရောဂါပိုးဖြစ်ပွားမှုများပြားလာပါက အသွားအလာ ကန့်သတ်ခြင်း၊ ဈေးများကျောင်းများ ပိတ်ထားရခြင်းများ ပြုလုပ်ရပါက ပြည်သူများ နစ်နာမည်ဖြစ်၍ ပညာပေးလုပ်ငန်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ယင်းနောက် အပြစ်ပေး အရေးယူခြင်း၊ ဒဏ်ငွေရိုက်ခြင်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ယနေ့ပြုလုပ်သည့် ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့်၊ မီးသတ်တပ်ဖွဲ့ဝင် ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
လွိုင်လင်မိုး