နမ္မတူ ဖေဖော်ဝါရီ ၂၀
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ကျေးလက်နေ တိုင်းရင်းသားပြည်သူများအား နိုင်ငံသားကတ် အလွယ်တကူ ကိုင်ဆောင်ခွင့်ရရှိစေရန် ရည်ရွယ်၍ နမ္မတူမြို့နယ် နားဆိုင်း၊ လွယ်ပြေး၊ နမ့်မျှော် စသည့် ကျေးရွာအုပ်စု (၃)စုအတွင်းရှိ တိုင်းရင်းသားပြည်သူ ၃၅၄ဦးကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခြင်းနှင့် ထပ်မံရရှိစေရေး ကွင်းဆင်း ဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ (၁၉)ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ (နားဆိုင်း)၌ အခြေပြု၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအောင်ဆန်းမြင့်တို့က နားဆိုင်း၊ လွယ်ပြေး၊ နမ့်မျှော် စသည့် ကျေးရွာအုပ်စု (၃)စုအတွင်းရှိ တိုင်းရင်းသားပြည်သူ (၃၅၄)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၅၄)ကတ်အား လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထပ်မံရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ် (၄)မျိုး၊ နိုင်ငံသားတိုင်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိကိုင်ဆောင် နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူး များအား ရှင်းလင်းပြောကြားပြီး မြန်မာ/ရှမ်း နှစ်ဘာသာဖြင့် ရိုက်နှိပ်ထားသော ပန်ခင်းစီမံချက်ဆိုင်ရာ သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင် (၁၅၀)စောင်အား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထို့အပြင် မြို့နယ်ဦးစီးမှူး အပါအဝင် ဝန်ထမ်း (၇)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ မဲစာရင်းပုံစံ (က) ဇယား စိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပြီး၊ ကျန်ရှိသည့် တိုင်းရင်းသားပြည်သူ (၃၁)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထပ်မံထုတ်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှထံက သိရသည်။
လူမော်(ပြန်/ဆက်)