ရွှေပြည်သာ ဖေဖော်ဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်၊ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီမှစတင်၍ လှော်ကားကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက တိုင်းရင်းသားတိုင်း နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်း မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများ ရရှိရေးအတွက် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ ဦးစားပေးအလိုက် စနစ်တကျပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်အတွင်းရှိ အိမ်ထောင်စုများမှ ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းများ ဆောင်ရွက်ပေးခြင်းတို့ကို နေ့စဉ် ရပ်ကွက်၊ ကျေးရွာများအရောက် အခမဲ့ကွင်းဆင်းပြုလုပ်ပေး လျက်ရှိပြီး မြို့နယ်ဦးစီးမှူးရုံးတွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးမိုး(ပြန်/ဆက်)